မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်း စတုတ္ထအဆင့်ကို လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်ဆောင်ရွက်မည်ဟု သိရ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်း စတုတ္ထအဆင့်ကို လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်ဆောင်ရွက်မည်ဟု သိရ
Published 23 February 2018

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးအနီး သုညမျဉ်းတွင် တရားမဝင် နေထိုင်နေသည့် ဘင်္ဂါလီများအား ဖေဖော်ဝါရီ တတိယပတ်က တွေ့ရစဉ်

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းလုပ်ငန်း စတုတ္ထအဆင့် ကျန်ရှိသည့် ၃၉ မိုင်ကျော်အား လာမည့်ပွင့်လင်းရာသီတွင် ဆက်လက်ဆောင်ရွက်မည်ဟု သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် ထိစပ်နယ်နိမိတ်တစ်လျှောက် နယ်စပ်ခြံစည်းရိုးပျက်စီးမှုများအား ပြုပြင်ခြင်းများကို ဆောင်ရွက်လျက်ရှိပြီး ခြံစည်းရိုးတည်ဆောက်ရန် ၃၉ ဒသမ ၂၁၇ မိုင် ကျန်ရှိနေသေးကြောင်းနှင့် အဆိုပါအပိုင်းကို လုပ်ငန်းစတုတ္ထအဆင့်အဖြစ် နယ်စပ်ခြံစည်းရိုး စီမံကိန်း (ကျီးကန်းပြင်) ကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘူးသီးတောင်မဲဆန္ဒနယ်မှ ဦးအောင်သောင်းရွှေ တင်သွင်းထားသည့် “ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးအတွက်လည်းကောင်း၊ ဒေသခံဌာနေ တိုင်းရင်းသားတို့၏ အသက်အိုးအိမ်၊ ထာဝရ လုံခြုံမှုရှိသော လူမှုဘဝကို ထူထောင်နိုင်ရန် ဒေသခံတိုင်းရင်းသားတို့၏ လိုအပ်ချက်များကို ရေတိုရေရှည်စီမံကိန်းများ ပွင့်လင်းမြင်သာစွာ ချမှတ်၍ ထိရောက်သော အကောင်အထည်ဖော် ဆောင်ရွက်မှုများကို ပြုလုပ်ပေးရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်းပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖေဖော်ဝါရီ ၂၀ ရက်က လွှတ်တော်တွင် ရှင်းလင်းပြောကြားရာတွင် ယင်းသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် တုံးချောင်းဝမှ BP 66 ထိ ခြံစည်းရိုး ပျက်စီးမှုများနှင့် ဖျက်ဆီးခံရမှုများကို ၂၀၁၇ ခုနှစ် စက်တင်ဘာလမှစ၍ ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ခြံစည်းရိုးများ ပိုမိုလုံခြုံ ကောင်းမွန်စေရေးအတွက် ခြံစည်းရိုးနှစ်ထပ် ကာရံမှုများအဖြစ် အဆင့်မြှင့်တင်ခြင်းကို ရဲအောင်ချောင်းဝကင်းစခန်းမှ BP 36 ထိ ၆ ဒသမ ၃ မိုင်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာမှ စတင် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် ၇၂ ရာခိုင်နှုန်းပြီးစီးပြီး ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီတွင် ၁၀ ရာခိုင်နှုန်းပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ရခိုင်ပြည်နယ် လုံခြုံရေးအတွက် နယ်စပ်ခြံစည်းရိုး ခိုင်ခံ့ကောင်းမွန်ရေး၊ ရေပိုင်နက် နယ်နိမိတ်လုံခြုံရေးတို့သည် အဓိကကျသော အချက်များဖြစ်သဖြင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ထွက်သွားလာမှု မရှိစေရေးနှင့် အကြမ်းဖက်သမားများ၏ အန္တရာယ်မှ လုံခြုံရေးတို့အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် ထိစပ်နယ်နိမိတ်တစ်လျှောက် နယ်စပ်ခြံစည်းရိုးပျက်စီးမှုများအား ပြုပြင်ခြင်း၊ နယ်စပ်ခြံစည်းရိုးကင်းလှည့် လမ်းပြုပြင်ခြင်း၊ ချဉ်းကပ်လမ်းများ၊ တံတားများနှင့် ကင်းစခန်းများ ပြုပြင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်းကို ၂၀၀၉ ခုနှစ်မှစတင်၍ သဲသောင်ပြင်ပိုင်း၊ တာပေါင်ပိုင်းနှင့် တောင်ပေါ်ပိုင်းဟူ၍ ခြံ စည်းရိုးအမျိုးအစား သုံးမျိုးဖြင့် အဆင့်ဆင့် တည်ဆောက်လျက်ရှိသည်။

မောင်တောမြို့နယ် တောင်ပြိုလက်ဝဲမြို့အနီး မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နယ်နိမိတ် မှတ်တိုင် ၃၄ နှင့် ၃၅ ကြား သုညမျဉ်းတွင် ဖေဖော်ဝါရီ ၁၅ ရက်က အမှတ် (၁) ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ရင်းမှ တပ်မတော်သားများ ဦးဆောင်၍ နယ်စပ်ခြံစည်းရိုး ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ခလရ (၂၀) မှ တပ်မတော်သားများမှ လုံခြုံရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

တောင်ပြိုလက်ဝဲရှိ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို ယခင်ထက် အဆင့်မြှင့်တင် အမြင့်ပြုလုပ်ကာရံနေခြင်းဖြစ်ပြီး နယ်စပ်ခြံစည်းရိုးများအား အသစ်ကာရံခြင်း မဟုတ်သော်လည်း ယခင် ကာရံထားသည့် ခြံစည်းရိုးထက်တွင် သံဆူးခြူခွေများကို ထပ်မံဖြည့်စွက် ကာရံနေခြင်းဖြစ်ကြောင်း သိရသည်။

သြဂုတ် ၂၅ ရက်အကြမ်းဖက်ဖြစ်စဉ်အပြီး ARSA အစွန်းရောက်အကြမ်းဖက်သမားများသည် တောင်ပြိုနယ်စပ်မှ နယ်စပ်ခြံစည်းရိုးကို ဖျက်ဆီးထွက်ပြေးခဲ့ကြကြောင်း၊ ပျက်စီးနေသည့် ခြံစည်းရိုးကို ပြန်လည်ပြုပြင်ပြီးဖြစ်ကာ ယခင်ကာရံထားသည့် ခြံစည်းရိုးကို ပြန်လည်ပြုပြင်ကာ ယခင်ထက် အမြင့် တည်ဆောက်နေခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများနှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတရုံးမှ စက်တင်ဘာ ၁၈ ရက် ညပိုင်းက ထုတ်ပြန်ကြေညာချက်တွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအတွက် ၂၀၀၉-၂၀၁၀ ခုနှစ်မှ ၂၀၁၇-၂၀၁၈ ခုနှစ်အထိ ဘဏ္ဍာရေးနှစ်များအတွင်း နှစ်စဉ် မူလခန့်မှန်းခြေ ငွေစာရင်းနှင့် ဖြည့်စွက်ခွင့်ပြုငွေစုစုပေါင်း ငွေကျပ် ဘီလျံ ၁၉၀ ကျော်ကို ပြည်ထဲရေးဝန်ကြီးဌာနသို့ ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံးသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခြံစည်းရိုးကာရံခြင်းနှင့် ဆက်စပ်လုပ်ငန်းများအတွက် ငွေကျပ် ခြောက်ဘီလျံကျော်ကို ခွင့်ပြုပေးခဲ့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ ငွေအပ်လုပ်ငန်းအဖြစ် ကာကွယ်ရေးဝန်ကြီးဌာနသို့ အပ်နှံ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း၊ ထို့အပြင် ဖြည့်စွက်ခွင့်ပြုငွေအဖြစ် ငွေကျပ် နှစ်ဘီလျံကျော်ကို ထပ်မံသုံးစွဲနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုကာလအတွင်း ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းများ ချက်ချင်းဆောင်ရွက်နိုင်ရေးအတွက် ပထမအဆင့်အနေဖြင့် ငွေကျပ် ဘီလျံ ၂၀ ကို နိုင်ငံတော်အစိုးရက လက်ငင်း ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်းနှင့် နယ်စပ်ခြံစည်းရိုး ကာရံခြင်းလုပ်ငန်းအား ယခင် ဆောင်ရွက်သည့်အတိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ရန်ပုံငွေ တင်ပြတောင်းခံ၍ ကာကွယ်ရေးဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံ ဆောင်ရွက်သွားစေမည်ဖြစ်ကြောင်း ပါရှိခဲ့သည်။ ခြံစည်းရိုးတည်ဆောက်ပြီးစီးမှုမှာ ၁၄၁ ဒသမ ၃၇၈ မိုင်ဖြစ်ပြီး ခြံစည်းရိုးကာရံရန် ကျန်ရှိနေသည်မှာ ၃၉ ဒသမ ၂၁၇ မိုင်ဖြစ်သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်နိမိတ်ထိစပ်မှုမှာ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်သည် ကုန်းမြေထိစပ်မှု မိုင်ပေါင်း ၁၂၆ ဒသမ ၆၈ မိုင်ရှိပြီး ရေမြေထိစပ်မှု မိုင် ၃၉ ဒသမ ၈၂ မိုင်ရှိသည်။

Most Read

Most Recent