ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းကာလအတွင်း လမ်းတစ်ခြမ်းပိတ်စနစ်ဖြင့် ပြောင်းလဲပြေးဆွဲမှုကြောင့် ရထားစီးနင်းသူများ အခက်ကြုံ

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းကာလအတွင်း လမ်းတစ်ခြမ်းပိတ်စနစ်ဖြင့် ပြောင်းလဲပြေးဆွဲမှုကြောင့် ရထားစီးနင်းသူများ အခက်ကြုံ
Published 23 February 2018

ရန်ကုန်မြို့ ဘုရားလမ်းဘူတာသို့ ဆိုက်ရောက်လာသော မြို့ပတ်ရထားတစ်စင်းကိုတွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှု စီမံကိန်းကာလအတွင်း အစုန်/အဆန် လမ်းပိုင်းတစ်ခုစီအား သတ်မှတ်ကာလအလိုက် အလိုအလျောက် လမ်းပိုင်းအချက်ပြစနစ်အား ရပ်ဆိုင်းပြီး တစ်စင်းတည်းသွား လမ်းပိုင်းစနစ်အဖြစ် ပြောင်းလဲပြေးဆွဲမှုကြောင့် ရထားစီးနင်းသူခရီးသည်များ အဆင်မပြေမှုများ ကြုံတွေ့ရကြောင်း ခရီးသည်များ၏ ပြောကြားချက်အရ သိရသည်။

မြို့ပတ်ရထားလမ်း အဆင့်မြှင့်တင်မှုကို ဖေဖော်ဝါရီ ၂၁ ရက်မှစကာ စတင်ဆောင်ရွက်နေပြီး မြို့ပတ်ရထားလမ်းပိုင်း၏ အနောက်ဘက်ခြမ်းကို စတင်ပြင်ဆင်ခြင်းဖြစ်ပြီး လမ်းပိုင်းပြင်ဆင်ခြင်းလုပ်ငန်းများကို အေဝမ်းကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိထားကြောင်း သိရသည်။

“အစ်မကတော့ ရထားကို အသွားအပြန် နေ့တိုင်းစီးတယ်။ တညင်းကုန်းဘူတာကနေ အင်းစိန်အထိပေါ့။ လောလောဆယ် ရထားအချိန်တွေ ပြောင်းထားတယ်ပေါ့။ ဘူတာတွေ လူစုပေးလိုက်သလို ဖြစ်သွားတာပေါ့။ အရင်ကထက်စာရင် စီးရတာ နည်းနည်းကြပ်တယ်။ ညနေပိုင်းဆို အရင်ထက်ပိုပြီး ပြန်ချိန်နောက်ကျသွားတယ်။ ပြီးတော့ ရထားဖြတ်ကူးသူတွေ၊ ခရီးသည်တွေအနေနဲ့ အခါတိုင်းထက် ပိုပြီးသတိထားသင့်တယ်။ ဘာဖြစ်လို့လဲဆို အရင်ကလို အလိုအလျောက် အချက်ပြစနစ် မဟုတ်တဲ့အတွက်ပေါ့နော်။ ဒါကလည်း စီမံကိန်းကာလအတွင်းမို့ပါ။ ဘာပဲဖြစ်ဖြစ် သတိပြုစေချင်ပါတယ်” ဟု မမာကြည်က ပြောကြားသည်။

“ကျွန်တော်တို့လို ရထားနဲ့ အလုပ်ကို နေ့တိုင်းသွားနေတဲ့သူတွေအနေနဲ့တော့ အချိန်ကြန့်ကြာသွားတာပေါ့။ အချိန်က အဓိကပေါ့နော်။ အလုပ်မှာဆို အချိန်နောက်ကျရင် လစာထဲကဖြတ်တာတို့ဘာတို့ရှိတာပေါ့။ စိုးရိမ်တာပေါ့ဗျာ။ မီးရထားအနေနဲ့ကတော့ အချိန်အများကြီး နောက်မကျအောင် ဆောင်ရွက်ပေးမယ်လို့တော့ ပြောပါတယ်” ဟု ရထားစီးသူ ခရီးသည် ဦးသိန်းဇော်က ပြောကြားသည်။

“ညီမက အချိန်အဆင်ပြေပါ့မလားဆိုပြီး စိတ်ပူတယ်။ ဘာဖြစ်လို့လဲဆိုတော့ တစ်လမ်းသွားဆိုတော့ အန္တရာယ်ရှိမလား စိုးရိမ်တာပါ။ မျက်နှာချင်းဆိုင်ဆုံပြီး တိုက်မိတာတို့ ဘာတို့ရှိမလားလို့ပေါ့လေ။ ဒါကလည်း သူတို့အနေနဲ့တော့ ဆောင်ရွက်ထားပြီးဖြစ်မှာပါ။ ပြီးတော့ မြို့ပတ်ရထားစီးနင်းတဲ့ ခရီးသည်ကလည်း နေ့စဉ် ၉၀၀၀၀ ရှိတယ်လို့ သိရတယ်ပေါ့နော်” ဟု မမိုမိုစံက ပြောကြားသည်။

“တစ်လမ်းတည်းသွားတဲ့စနစ် ပြောင်းလဲကျင့်သုံးမှာဖြစ်တဲ့အတွက် ပထမလွှတ်ထားတဲ့ရထားက ပုံမှန်အားဖြင့် အင်းစိန်ဘူတာကနေ လွှတ်ထားတဲ့ ရထား တညင်းကုန်း ဘူတာမရောက်မခြင်း နောက်ထပ်ရထားကို လွှတ်လို့မရဘူးပေါ့။ အဲဒါကြောင့်မို့ကြား အလယ်ကောင်မှာရှိတဲ့ ဖော့ကန်ဘူတာကို ရုံပိုင်ဘူတာအဖြစ် ဖွင့်လှစ်ခြင်းဖြစ်တယ်။ အင်းစိန်ကနေလာပြီဆိုရင် ဖော့ကန်ရောက်မယ်။ ဖော့ကန်ကနေ ထွက်သွားပြီဆိုတာနဲ့ နောက်ထပ် ဆယ်မိနစ်ကြာတိုင်းကြာတိုင်းမှာ နောက်ရထားတစ်စင်းကို ထပ်မံစေလွှတ်မှာ ဖြစ်ပါတယ်။ သူ့အပိုင်းလိုက်နဲ့သူ လုပ်ဆောင်သွားမယ်” ဟု မြန်မာ့မီးရထားတိုင်း (၇) မှ သွားလာရေးမန်နေဂျာဦးဇော်လွင်က ပြောကြားသည်။

မြန်မာ့မီးရထားအနေဖြင့် ရထားစီးနင်းသူ ခရီးသွားများ အဆင်ပြေစေရန်အတွက် အသိပညာပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရန်ကုန်မြို့ပတ်ရထားလမ်းအား နေ့စဉ်ရထားတွဲဆိုင်းကြီး ၂၅ ဆိုင်း နေ့စဉ်ခေါက်ရေ ၂၂၀ ပြေးဆွဲပေးနေပြီး ခရီးသည်ဦးရေ နေ့စဉ် ၉၀၀၀၀ အထက် လိုက်ပါစီးနင်းလျက်ရှိကြောင်း သိရသည်။

မြို့ပတ်ရထားလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်း တစ်ခုလုံးကို ၂၀၁၉ ခုနှစ် အကုန်တွင် အပြီးဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း ၎င်းကပြောကြားသည်။

Most Read

Most Recent