YBS ယာဉ်ပေါ်တွင် ခရီးသည်ထံမှ ပိုက်ဆံအိတ် နှိုက်ယူခဲ့သည့် ခါးပိုက်နှိုက် နှစ်ဦးအား ဖမ်းဆီးရမိ

YBS ယာဉ်ပေါ်တွင် ခရီးသည်ထံမှ ပိုက်ဆံအိတ် နှိုက်ယူခဲ့သည့် ခါးပိုက်နှိုက် နှစ်ဦးအား ဖမ်းဆီးရမိ
Published 23 February 2018

မင်္ဂလာဒုံမြို့နယ်၌ YBS ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည်အမျိုးသမီးထံမှ ပိုက်ဆံအိတ်နှိုက်ယူခဲ့သည့် ခါးပိုက်နှိုက် နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၂၂ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် YBS ယာဉ်ပေါ်တွင် ခရီးသည် အသွင်ယူကာ လိုက်ပါစီးနင်းပြီး ခါးပိုက်နှိုက်မှု ကျူးလွန်သူများကို လိုက်လံဖမ်းဆီးစဉ် ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၇ နာရီခွဲက မင်္ဂလာဒုံမြို့နယ် မင်္ဂလာဒုံဈေးဘက်မှ ခရေပင် မှတ်တိုင်ဘက်သို့ မောင်းနှင်လာသည့် YBS အမှတ် (၄၁) ယာဉ်လိုင်းမှ ခရီးသည်တင် ယာဉ်တစ်စီးမှာ ခရေပင်မှတ်တိုင်အရောက် ရပ်တန့်ပြီး ခရီးသည် အတင်အချပြုလုပ်စဉ် ယာဉ်ပေါ်မှ ဆင်းလာသည့် အမျိုးသားနှစ်ဦးကို တာဝန်ရှိသူများက မသင်္ကာသဖြင့် ထိန်းသိမ်းကာ စစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးရာ ၎င်းတို့နှစ်ဦးမှာ ခါးပိုက်နှိုက် ပြစ်ချက်ဟောင်းရှိသူ မင်္ဂလာဒုံမြို့နယ်နေ သန်းထွေး (၄၈နှစ်) နှင့် နိုင်ဦး (၅၈နှစ်) ဆိုသူတို့ဖြစ်ပြီး ၎င်းတို့ထံမှ ကျပ် ၁၈၀၀၀ ပါ ပိုက်ဆံအိတ်တစ်လုံးကို တွေ့ရှိခဲ့ရသဖြင့် အဆိုပါ ပိုက်ဆံအိတ်နှင့်ပတ်သက်ပြီး ဆက်လက် စစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်စစ်ဆေးရာ ယင်းပိုက်ဆံအိတ်မှာ ယာဉ်ပေါ်ပါ အသက် ၄၀ ဝန်းကျင်ရှိ ခရီးသည်အမျိုးသမီး၏ လက်ဆွဲခြင်းထဲမှ နှိုက်ယူခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း သိရသည်။

ထိုသို့ပေါ်ပေါက်ချက်အရ ၎င်းတို့ နှစ်ဦးအား သက်ဆိုင်ရာ ရဲစခန်းတွင် အမှုရေးဖွင့်ကာ အခြားခါးပိုက်နှိုက်မှုများ ရှိ၊ မရှိ ဆက်လက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent