မိတ္ထီလာ-သာစည်ကားလမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆရာဝန်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံး

မိတ္ထီလာ-သာစည်ကားလမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ ဆရာဝန်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး နေရာတွင် သေဆုံး
Published 23 February 2018

ယာဉ်တိုက်မှု ဖြစ်ပွားခဲ့သောယာဉ်ကို တွေ့ရစဉ်

မိတ္ထီလာ-သာစည်ကားလမ်းမတွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ တိုက်နယ်ဆရာဝန် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး အခင်းဖြစ်နေရာတွင် သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေက မိတ္ထီလာ- တောင်ကြီး ကားလမ်းမမိုင်တိုင် (၆) အနီးတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းမှ ဒုရဲအုပ်လှမျိုးသူနှင့်အဖွဲ့သည် သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ မိတ္ထီလာ-တောင်ကြီး ကားလမ်းမမိုင်တိုင်အမှတ် ခြောက်မိုင်သုံးဖာလုံကျော် မိတ္ထီလာမြို့နယ် ဥယျာဉ်ကျေးရွာအနီးတွင် မိတ္ထီလာဘက်မှ သာစည်ဘက်သို့ ဒေါက်တာအာကာသက်ပိုင် (၃၁ နှစ်) တိုက်နယ်ဆရာဝန်၊ ယင်းမာပင်တိုက်နယ်ဆေးရုံ၊ သာစည်မြို့နယ်နေသူ မောင်းနှင်လာသော YGN 3F/..... နံပါတ်ပါ Royal Crown ခဲရောင်ယာဉ်သည် လားရာတူအတိုင်း ရှေ့တွင် သာစည်မြို့နယ် ချမ်းသာကြီးကျေးရွာနေ မအေးချမ်းဖြိုး (၂၂ နှစ်) စီးနင်းလာသော ၃၆ယ/....နံပါတ်ပါ ဆိုင်ကယ်အား ဝင်တိုက်မိခဲ့ပြီးနောက် လမ်းဘေးယာဘက်ခြမ်း မြေသားလမ်းပေါ်တွင် ရပ်တန့်ထားသော ၉ဌ/....နံပါတ်ပါ ထော်လာဂျီအား ဝင်တိုက်မိပြီးနောက် လမ်းဘေးကုက္ကိုပင်အား ထပ်မံတိုက်မိခဲ့ရာ ဆိုင်ကယ်စီးနင်းလာသော မအေးချမ်းဖြိုးနှင့် ယာဉ်မောင်း ဒေါက်တာ အာကာသက်ပိုင်တို့မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကနဦးစစ်ဆေးချက်အရ သိရသည်။

“မနေ့က ညနေ ၄ နာရီ ၂၉ မိနစ်မှာ အမှတ် (၂) ရဲစခန်းတာဝန်မှူး လှမျိုးသူက ဖုန်းဆက်တယ်။ မိတ္ထီလာ-သာစည် ကားလမ်း ဥယျာဉ်ရွာပေါက်မှာကားနဲ့ ဆိုင်ကယ်တိုက်တာ နှစ်ယောက်လုံးသေသွားလို့ လာသယ်ပါ ဦးဆိုလို့ ကျွန်တော်တို့ ရန်အောင်မြင် နာရေးကူညီမှုအသင်းက သွားသယ်ပေးတယ်။ ဟိုရောက်တဲ့အခါကျတော့ ကောင်မလေးက သေသွားပြီးလို့ ဒီပြင်ကားတစ်စီးပေါ် တင်ထားတယ်။ ဆရာဝန်ကတော့ သူ့ကားထဲမှာပဲ ထုတ်မရဘူး။ အဲဒါနဲ့ ကျွန်တော်တို့ ရန်အောင်မြင်အသင်းက ကလေးတွေနဲ့ ကားထဲက ဆရာဝန်ကို ရအောင်ထုတ်၊ ကားကိုဖျက်ပြီး ထုတ်ယူခဲ့ရတယ်။ ထုတ်လို့ရတော့မှ နာရေးကားပေါ်တင်၊ ကောင်မလေးကိုလည်း ကျွန်တော်တို့ ရန်အောင်မြင် နာရေးကားပေါ် ပြောင်းတင်၊ နှစ်ယောက်စလုံးကို ရန်အောင် မြင်အသင်းကားနဲ့ ရင်ခွဲရုံကိုပို့ပေးခဲ့တယ်” ဟု သွားရောက်ကူညီခဲ့သူ ရန်အောင်မြင် နာရေးကူညီမှုအသင်းမှ ကိုအောင်ဆန်းက ပြောကြားသည်။

အဆိုပါဖြစ်စဉ်အား မိတ္ထီလာမြို့ အမှတ် (၂) နယ်မြေရဲစခန်းက ယာဉ် (ပ) ၁၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၀၄ (က) ဖြင့် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ဝဏ္ဏ (မိတ္ထီလာ)

Most Read

Most Recent