အထက်မြန်မာပြည် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ အသင်းကိုးသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ခရီးသွားအာမခံ နှစ်ဖက်သဘောတူနားလည်မှု စာချုပ် MoU ရေးထိုး

အထက်မြန်မာပြည် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ အသင်းကိုးသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ခရီးသွားအာမခံ နှစ်ဖက်သဘောတူနားလည်မှု စာချုပ် MoU ရေးထိုး
Published 23 February 2018

အထက်မြန်မာပြည် ပြည်တွင်းဘုရားဖူးနှင့် ခရီးသွားဝန်ဆောင်မှုအသင်းမှ ဘုရားဖူးခရီးသွားဝန်ဆောင်မှု အသင်းကိုးသင်းနှင့် မြန်မာ့အာမခံလုပ်ငန်းတို့ ခရီးသွားအာမခံ လုပ်ငန်းဆောင်ရွက်ရန် နှစ်ဖက်သဘောတူ နားလည်မှုစာချုပ် MoU လက်မှတ်ရေးထိုးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက် ၁၀ နာရီတွင် ၂၆ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ Generation Tea တွင် ပြုလုပ်ခဲ့သည်။

“ခရီးသွားလုပ်ငန်းမှာ ခရီးသွားအာမခံနဲ့ ပတ်သက်ပြီး ပြည့်စုံခြင်းမရှိသေးဘူး။ အဲ့ဒီအတွက် မြန်မာ့ခရီးသွားအာမခံလုပ်ငန်းနဲ့ ချိတ်ဆက်ပြီးတော့ ကျွန်တော်တို့ ခရီးသွားဝန်ဆောင်မှုနဲ့ လိုက်ပါစီးနင်း ဆောင်ရွက်ကြမယ့် ဘုရားဖူးခရီးသည်များ အဆင်ပြေ ချောမွေ့အောင်၊ ပြည့်စုံမှုရှိအောင် နိုင်ငံတော်ပိုင် မြန်မာ့အာမခံလုပ်ငန်းနဲ့ ခရီးသွားအာမခံကို နှစ်ဖက်သဘောတူ နားလည်မှုစာချုပ် ချုပ်ဆိုတာဖြစ်ပါတယ်။ အကယ်၍ ထိခိုက်ဒဏ်ရာရရှိခဲ့ရင် အလဟဿမဖြစ်အောင် ခရီးသွားများအတွက်လည်း အကျိုးရှိအောင် ကျွန်တော်တို့ ဘုရားဖူးခရီးသွားလုပ်ငန်းတွေလည်း အဆင်ပြေအောင် ပြုလုပ်ရတာ ဖြစ်ပါတယ်” ဟု မန်းမြို့သား ဘုရားဖူးခရီးသွားဝန်ဆောင်မှုလုပ်ငန်းမှ ဦးအောင်ဝင်းက ပြောကြားသည်။

ပြည်တွင်းဘုရားဖူးခရီးစဉ် ယာဉ်လိုင်းများအတွက် လက်မှတ်ဝယ်ယူထားသော ခရီးသည်များသည် ဘုရားဖူးခရီးစဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိခြင်း၊ သေဆုံးခြင်းတို့အတွက် အာမခံ အကာအကွက်ရရှိစေရန် ရည်ရွယ်၍ ခရီးသွားအာမခံစာချုပ်ကို ချုပ်ဆိုရခြင်းဖြစ်ကြောင်း သိရသည်။

“လှည့်လည်ခရီးသွားကို နိုင်ငံတော်ပိုင် မြန်မာ့အာမခံတစ်ခုတည်းကနေ လက်ခံဆောင်ရွက်တယ်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်မှာ နိုင်ငံတော်အစိုးရကနေ ပုဂ္ဂလိက အာမခံလုပ်ငန်းတွေကိုပါ လုပ်ကိုင်ခွင့်ပေးခဲ့ပါတယ်။ ဒါကြောင့် အသင်းအသီးသီးတို့က သူတို့ဆန္ဒနဲ့အညီ ရွေးချယ်ခွင့် ရှိသွားပါတယ်။ အခု မြန်မာ့အာမခံလုပ်ငန်းနဲ့ ချုပ်ဆိုတဲ့ အသင်းကိုးသင်းက မနှစ်ကလည်း ချုပ်ဆိုခဲ့ပါတယ်။ တစ်နှစ်ကို တစ်ကြိမ်ချုပ်ဆိုတဲ့အခါ ဒီနှစ်လည်း ပြန်ချုပ်ဆိုကြတာပါ” ဟု မြန်မာ့အာမခံလုပ်ငန်းမှ တိုင်းဒေသကြီးမန်နေဂျာ ဒေါ်ခင်မာချိုက ဆိုသည်။

မြန်မာ့အာမခံလုပ်ငန်းဖြင့် ခရီးသွား အာမခံစာချုပ်ချုပ်ဆိုထားသော ဘုရားဖူး ခရီးသွားဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် ခရီးစဉ်တစ်ခု စတင်ထွက်ခွာသည့်အခါ ထိုခရီးစဉ်တွင်လိုက်ပါသည့် ခရီးသည်ဦးရေ၊ ယာဉ်နံပါတ်နှင့် ထွက်ခွာသည့် ခရီးစဉ်လမ်းကြောင်းကို အကြောင်းကြားပေးရမည်ဖြစ်ပြီး သတ်မှတ်ပရီမံယံနှုန်းထားအတိုင်း ပရီမီယံငွေကို တွက်ချက်ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့အာမခံ လုပ်ငန်းအနေဖြင့်လည်း ထိုခရီးစဉ်တစ်ခုအတွင်း မတော်တဆ တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ပရီမီယံနှုန်းထားပေါ်မူတည်ကာ ပေးချေသွားမည်ဖြစ်ကြောင်း၊ မိုင် ၁၀၀ အောက် ခရီးသွားအာမခံကြေး ပရီမီယံကျပ် ၁၀၀ ကို ကျပ် ၂၀ သိန်း လျော်ကြေးပေးချေလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent