<

ဦးကိုနီလုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်မှာ အသတ်ခံရပြီဟု ယူဆကြောင်း အင်းစိန်အောင်စိုးက ပြောကြားခဲ့ပြီး အမှုနှင့်ပတ်သတ်၍ တရားစွဲခံထားရသူ အောင်ဝင်းထွန်း အာမခံရ

ဦးကိုနီလုပ်ကြံခံရမှုမှ တရားခံပြေး အောင်ဝင်းခိုင်မှာ အသတ်ခံရပြီဟု ယူဆကြောင်းကို အင်းစိန်အောင်စိုးက တရားရုံးသို့ သက်သေအဖြစ်ထွက်ဆိုပြီးနောက် မီဒီယာများနှင့် တွေ့ဆုံမေးမြန်းစဉ် အင်းစိန်အောင်စိုးက ဖြေကြားသည်။

ထိုသို့ဖြေကြားရခြင်းမှာ ယခင်က ၎င်းကျင်လည်ခဲ့ဖူးသည့် ဒုစရိုက်လောက အတွေ့အကြုံအရ အောင်ဝင်းခိုင်မှာ ရှင်းပစ်ခံရပြီဟု ယူဆကြောင်း ၎င်းကဆိုသည်။

“အောင်ဝင်းခိုင်၊ အောင်ဝင်းခိုင်နဲ့ ပြောနေကြတယ်။ မရှိပါဘူး။ လူသန်းပေါင်းများစွာကိုတောင် အရေးမလုပ်တဲ့ အဖွဲ့အစည်းတွေက အောင်ဝင်းခိုင်လိုကောင်မျိုး ခေါင်းထဲဘယ်ထည့်မှာတုန်း။ ရှင်းပစ်လိုက်ပြီ။ ဘယ်လိုလုပ်ရှိနိုင်မှာတုန်း။ မရှိနိုင်ဘူး။ အဲ့စကားကိုတော့ ကိုယ့်အတွေး ကိုယ့်အမြင်အရ။ ဒုစရိုက်လောက အတွေ့အကြုံအရ ခိုင်ခိုင်မာမာ ပြောရဲတယ်။ မရှိတော့ဘူး ရှင်းပစ်လိုက်ပြီ။ မရှိတော့ပါဘူး” ဟု အင်းစိန်အောင်စိုး ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ (ဗဟို) ဥပဒေအထောက်အကူပြုအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သတ်၍ ပုဒ်မသီးသီးဖြင့် စွဲချက်တင်ခံထားရသည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ဖေဖော်ဝါရီ ၂၂ ရက်က ရန်ကုန်မြောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့သည်။

အမှုတွင် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၂၁၂ (ပြစ်မှုကျူးလွန်သူကို လက်သင့်ခံခြင်း) ဖြင့် စွဲချက်တင်ခံထားရသည့် အောင်ဝင်းထွန်း၏ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၆ ရက်က အာမခံလျှောက်ထားမှုနှင့် ပတ်သတ်၍ ဖေဖော်ဝါရီ ၂၂ ရက် ရုံးချိန်းတွင် အမှုစစ်တရားရုံးက ကျပ်သိန်းငါးရာတန် အာခံဖြင့် အာမခံပေးခဲ့ကြောင်း သိရသည်။

“အာမခံလျှောက်တုန်းက ရှင်းတယ်လေ။ ကျင့်ထုံးပုဒ်မ ၄၉၆ အရ အာမခံပေးရမဲ့ ပြစ်မှုပါ။ စွဲချက်တင်ထားတဲ့ပုဒ်မကိုက နိုင်ငံတော်က ပြဌာန်းတဲ့ ဥပဒေက ကျင့်ထုံးပုဒ်မ ၄၉၆ အရအာမခံပေးကို ပေးရမယ်လို့။ ပြဌာန်းထားပါတယ်။ ဦးအောင်ဝင်းထွန်းက သားတစ်ယောက်က ဆရာဝန်၊ သားတစ်ယောက် အင်ဂျင်နီယာ၊ ရန်ကုန်မြို့ကြီးမှာ အတည်တကျနေတဲ့သူ ဖြစ်တယ်။ ရုံးတော်က အာမခံတောင်းရင်ပေးနိုင်တယ်။ ခံဝန်တောင်းရင် ငွေသွင်းနိုင်တယ်။ ရုံးချိန်းတိုင်းလည်း မပျက်မကွက်လာမှာပါ ဒီအမှုမှာ ထွက်ထားတဲ့ သက်သေ ၇၂ ယောက်က ဦးအောင်ဝင်းထွန်းပါဝင် ပတ်သတ်ကြောင်း ဘယ်သတ်သေမှလည်း ထွက်မထားဘူး။ အဲ့ဒီအကြောင်းအချက်တွေကြောင့် အပြစ်ကို ကြိုတင်ပေးရာ ရောက်နေတယ်။ အခုကိုလူတစ်ယောက်က တစ်နှစ်လောက် အချုပ်ခံထားရတယ်။ ညီအစ်ကိုချင်း ကားနဲ့လိုက်တာလိုက်မှာပေါ့ဗျာ။ သွားတဲ့လမ်းကြောင်းကလည်း စီစီတီဗွီကင်မရာရှိတယ်။ တိုးဂိတ်အကုန်ဖြတ်သွားတာ။ ခိုးကြောင်ခိုးဝှက် လယ်တောထဲက ဖြတ်သွားတာ မဟုတ်ဘူး။ ယာခင်းက ဖြတ်သွားတာမဟုတ်ဘူး။ စစ်တောင်းတံတားထိအောင် အားလုံးတိုးဂိတ်တွေ ဖြတ်သွားတာ” ဟု အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၏ရှေ့နေ ဦးအောင်ခိုင် (တရားလွှတ်တော်) က ပြောကြားသည်။

 

February 22, 2018














Copy Protected by Chetan's WP-Copyprotect.