ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား တတိယအကြိမ် ရုံးထုတ်ပြီး နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မနှင့် ပတ်သက်၍ မတ် ၇ ရက်သို့ ချိန်းဆို

ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား တတိယအကြိမ် ရုံးထုတ်ပြီး နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မနှင့် ပတ်သက်၍ မတ် ၇ ရက်သို့ ချိန်းဆို
Published 22 February 2018

ဒေါက်တာအေးမောင်အား စစ်တွေမြို့နယ်တရားရုံး တတိယအကြိမ်ရုံးထုတ်တွင် တွေ့ရစဉ်

စာပေဟောပြောပွဲတွင် ဟောပြောမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသော ဒေါက်တာအေးမောင်နှင့် စာရေးဆရာ ဝေဟင်အောင်အား စစ်တွေမြို့နယ် တရားရုံးတွင် တတိယအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် စစ်တွေမြို့နယ် တရားရုံးက မတရားအသင်းဆက်နွှယ်မှု ဥပဒေပုဒ်မနှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မတို့ဖြင့် စစ်ဆေးခဲ့ပြီး စစ်တွေခရိုင်တရားရုံးက နိုင်ငံတော်ပုန်ကန်မှုဥပဒေပုဒ်မနှင့် ပတ်သက်၍ မတ် ၇ ရက်သို့ ချိန်းဆိုခဲ့ကြောင်း သိရသည်။

ဒေါက်တာအေးမောင် အနေဖြင့် တိုင်းရင်းသားတန်းတူ အခွင့်အရေးအတွက် ဟောပြောခဲ့ခြင်းဖြစ်ကာ လက်နက်ကိုင်တော်လှန်ရန် ပြောကြားခဲ့ခြင်း မဟုတ်ကြောင်းနှင့် စွပ်စွဲချက်များမှာ တခြားစီဖြစ်နေကြောင်း ၎င်း၏ ဇနီးဖြစ်သူက ပြောကြားသည်။

“ကျွန်တော်တို့ သွားချင်တဲ့ တိုင်းပြည်ကို ဝါဒဖြူစင်တဲ့ တိုင်းပြည်၊ အချုပ်အခြာအာဏာ တည်မြဲရေး၊ အဲဒါ ကျွန်တော်တို့ သွားချင်တဲ့ ရည်မှန်းချက်ပါပဲ”ဟု ဒေါက်တာအေးမောင်က ပြောကြားသည်။

ဒေါက်တာအေးမောင်တို့ နှစ်ဦးအား ရုံးထုတ်လာစဉ် လုံခြုံရေး အစောင့်အကြပ်များစွာ ချထားဆောင်ရွက်ပြီး ရဲတပ်ဖွဲ့ဝင် များစွာကိုလည်း အရပ်ဝတ်ဖြင့် တွေ့ရှိရကြောင်း၊ တရားရုံးခြံဝင်းအတွင်းသို့ ဝင်ရောက်လာသူများကို သေချာစွာ စစ်ဆေးခဲ့ကြောင်း သိရသည်။

“စာရေးဆရာ တစ်ယောက်ဖြစ်တဲ့အတွက် စာရေးခွင့်ရှိသလို စာပေဟောပြောခွင့်လည်း ရှိတယ်။ ဒီပွဲက သမိုင်းဆိုင်ရာပွဲ၊ သမိုင်းနဲ့ ပတ်သက်တာတွေကို ကျွန်တော်ပြောမယ်။ အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့မို့လို့ အချုပ်အခြာအာဏာ ကျဆုံးတဲ့ စကားလုံးတွေကို ပြောတယ်။ အဲဒါကို သူတို့က ဥပဒေနဲ့ ငြိတယ်ဆိုပြီး ဖြတ်ညှပ်ကပ်တွေ လုပ်ပြီးတော့ တရားစွဲတာပေါ့။ ဒီတရားစွဲဆိုမှုဟာ မတရားဘူးဆိုတာ ပေါ်လွင်နေတယ်။ အစိုးရဘက်မှာကလည်း သမိုင်းနဲ့ပတ်သက်တဲ့ ပညာရှင်တွေ မပါဘူးဆိုတာ ပေါ်လွင်နေတယ်”ဟု စာရေးဆရာဝေဟင်အောင်က ပြောကြားသည်။

ပထအကြိမ် ရုံးချိန်းကို ဇန်နဝါရီ ၂၉ ရက်က ရသေ့တောင်မြို့နယ် တရားရုံးတွင် ရုံးထုတ်ခဲ့ပြီးနောက် ဒုတိယရုံးထုတ်ခြင်းကို စစ်တွေခရိုင် တရားရုံးတွင် ဖေဖော်ဝါရီ ၉ ရက်က ရုံးထုတ်ခဲ့ကြောင်း သိရပြီး ဒေါက်တာ အေးမောင်က ဟောပြောစဉ်အတွင်း ရခိုင် လူမျိုးများကို ဗမာကျွန်အဖြစ် သဘောထားသည်ဟု မပြောကြားခဲ့ကြောင်း အဆိုပါ ရုံးထုတ်တွင် ပြောကြားသည်။

စာရေးဆရာ ဝေဟင်အောင်၏ ဟောပြောချက်တွင် “နိုင်ငံရေးတွင် လက်ဝါးဖြန့်တောင်း၍ မရသောကြောင့် လက်ညှိုးကွေးပြီး တောင်းသည့်အဖွဲ့ ပေါ်ပေါက်လာရခြင်း ဖြစ်ပါကြောင်း၊ ဗမာဘုရင်များသည် ရခိုင်ဘုရင်များ နောက်ဆုံး စစ်ရှုံးချိန်တွင် လူ၊ လက်နက်များ ပြန်လည်စုဆောင်းခြင်း မရှိစေရန် ကျူပင်ခုတ် ကျူငုတ်မကျန် သုတ်သင်ခဲ့ကြောင်း၊ အမျိုးသမီးများကို သတ်ဖြတ်ခြင်း၊ စေတီပုထိုးများ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ယခုအချိန်တွင် ထွန်းမြတ်နိုင် ဦးဆောင်သော AA တပ်မတော်သည်လည်း ရခိုင်နိုင်ငံတော်နှင့် အချုပ်အခြာအာဏာ ရရှိရေး၊ ဗမာ့ကျွန်အဖြစ်မှ လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ယခုအချိန်သည် နိုင်ငံရေး အကျပ်အတည်းဖြစ်နေသည့် အချိန်ကာလဖြစ်နေ၍ မိမိတို့အတွက် အခွင့်အရေးသာနေသော အချိန်ဖြစ်ကြောင်း၊ ဗမာ့ကျွန်ဘဝမှ လွတ်မြောက်ရေးနှင့် လွတ်လပ်ရေး ရရှိရေးအတွက် တော်လှန်တိုက်ခိုက်ရန် အချိန်ကောင်း ဖြစ်ကြောင်း၊ အားလုံးပါဝင်ကြရန် လိုအပ်ကြောင်း”ထည့်သွင်းပြောကြားခဲ့သည်ဟု ဝန်ကြီးချုပ်ဦးညီပုက ပြောကြားသည်။

အလားတူ ဒေါက်တာအေးမောင်ဟော ပြောသော စကားများတွင်လည်း ဗမာများအနေဖြင့် ရခိုင်လူမျိုးများကို ဗမာ့ကျွန်အဖြစ်လောက်သာ ထားရှိပြီး တန်းတူအခွင့်အရေး မပေးခြင်း၊ ရခိုင်ပြည်နယ်ကို မြေပုံထဲကလည်း မပျက်စေချင်၊ ရခိုင်ကိုလည်း ကျွန်လို သဘောထားလျှင်ဖြင့် ရခိုင်ပြည် အချုပ်အခြာအာဏာကို မရရအောင် ပြန်လည် ရယူရမည်ဖြစ်ကြောင်း၊ အချုပ်အခြာအာဏာ ပြန်လည်ရယူရေးအတွက် နည်းလမ်းနှစ်ခုသာ ရှိကြောင်း၊ လက်နက်ကိုင်တော်လှန်ရေးနှင့် ဆောင်ရွက်နေသည့် ပုဂ္ဂိုလ်များရှိကြောင်း၊ မိမိမှာ နောက်တစ်နည်းဖြစ်သော လူထုဗဟိုပြု နိုင်ငံရေးနည်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိနိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူ၍ ပန်းတိုင်ရောက်အောင် ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း၊ လူထုကို စည်းရုံးခြင်း၊ လက်နက်ကိုင်တော်လှန်ခြင်းတို့ ပြုလုပ်ပြီး အာဏာရယူရန် နည်းမျိုးစုံဖြင့် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲကို ဆင်နွှဲပြီး ရည်မှန်းချက်ပန်းတိုင်သို့ သွားနေခြင်းဖြစ်ကြောင်း ထည့်သွင်း ဟောပြောခဲ့သည်ဟုလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုက ဆွေးနွေးပွဲတွင် ထည့်သွင်းပြောကြားသည်။

စစ်တွေခရိုင်တွင် ပုဒ်မ ၁၂၂ အရ စွဲဆိုထားသော အမှု၊ စစ်တွေမြို့နယ်တရားရုံးနှင့် ရသေ့တောင်မြို့နယ်တွင် စွဲဆိုထားသည့် ပုဒ်မ ၁၇ (၁) နှင့် ၅၀၅ (ခ) (ဂ) အမှုများဖြစ်ကြောင်း သိရသည်။

Most Read

Most Recent