<

မော်လမြိုင်မြို့တွင် ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်

ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မော်လမြိုင်မြို့ သာယာအေးရပ်ကွက်နှင့် ဇေယျာသီရိရပ်ကွက်တို့မှ ပြည်သူများ ပူးပေါင်းပါဝင်လေ့ကျင့်နေစဉ်

မော်လမြိုင်မြို့ ဇေယျာသီရိရပ်ကွက်ရှိ လောကမာရဇိန်ငွေဘုံသာ ဆုတောင်းပြည့်ဘုရားကြီးဝင်း၌ ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၉ နာရီက ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု ပြုလုပ်ခဲ့သည်။

ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်မှုဖြင့် မော်လမြိုင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မော်လမြိုင်မြိုနယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် မော်လမြိုင်မြို့ပေါ်ရှိ လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနဦးစီးမှူး ဒေါ်ဖြူဖြူအေးက ပြောကြားသည်။

“ကျွန်မတို့ဌာနအနေနဲ့ အရင်ကတော့ တခြားသဘာဝဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး ဇာတ်တိုက်လေ့ကျင့်တာတွေ လုပ်ခဲ့ပါတယ်။ အခုငလျင်အန္တရာယ်နဲ့ပတ်သက်ပြီး ဇာတ်တိုက်လေ့ကျင့်ဖြစ်တာက ကျွန်မတို့
မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း ငလျင်တွေ တောက်လျှောက်လှုပ်နေတာကို အများကြီးတွေ့ရတယ်။ အဲ့ဒါကြောင့် ကျွန်မတို့မွန်ပြည်နယ်အနေနဲ့လည်း ငလျင်ကြောပေါ်မှာ မတည်ရှိပေမဲ့ မွန်ပြည်နယ်မှာရှိတဲ့ ပြည်သူတွေ ငလျင်လှုပ်တဲ့ဒေသတွေကို သွားလာမိပြီး ငလျင်လှုပ်တာနဲ့ ကြုံကြိုက်ခဲ့မယ်ဆိုရင် ငလျင်အန္တရာယ်ကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်မလဲ။ ပြီးတော့ ရှောင်ရန်ဆောင်ရန်တွေကို ပြည်သူတွေလက်တွေ့သိရှိစေဖို့ ရည်ရွယ်ချက်နဲ့ ဒီဇာတ်တိုက်လေ့ကျင့်မှုကို ပြုလုပ်တာဖြစ်ပါတယ်” ဟု ဒေါ်ဖြူဖြူအေးက ဆိုသည်။

မော်လမြိုင်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးမျိုးဝင်းကလည်း “ကျွန်တော်တို့အနေနဲ့ ဒီဇာတ်တိုက်လေ့ကျင့်မှုမှာ ငလျင်လှုပ်တယ်ဆိုပြီး ကြားကြားချင်း အခင်းဖြစ်တဲ့နေရာကို ရောက်တယ်။ ပြီးတော့ အိမ်တွေမှာ လူနာတွေကို ရှာဖွေတယ်။ ပြီးတော့ ခိုကိုးရာမဲ့ အားကိုးတကြီးနဲ့ ပြေးလွှားနေကြတဲ့ ပြည်သူတွေကို နေရာချပေးတာတွေ၊ နေရာထိုင်ခင်းပြုလုပ်ပေးတာတွေ၊ ကယ်ဆယ်ရေးဌာနမှာ ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေကို လေ့ကျင့်ခဲ့ပါတယ်” ဟုပြောကြားသည်။

“အခုလိုဇာတ်တိုက်လေ့ကျင့်မှုတွေက ပြည်သူတွေအတွက် တကယ်လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာပြီးဆိုရင် စိုးရိမ်ထိတ်လန့်မှု၊ ကြောက်ရွံ့မှုနည်းပါးအောင် ဒီလိုမျိုးအသိပညာပေး လေ့ကျင့်မှုတွေကို ပြည်သူတွေအနေနဲ့ အများကြီးသိသင့်သိထိုက်တဲ့အတွက် ဒီလိုလေ့ကျင့်မှုတွေ လိုအပ်ပါတယ်။ နောင်လည်း အလျဉ်းသင့်သလို ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ဦးမျိုးဝင်းက ပြောကြားသည်။

“ဒီနေ့ ဇာတ်တိုက်လေ့ကျင့်မှုပုံစံမှာက ပထမပိုင်းအနေနဲ့ ပြည်သူတွေကို ငလျင်ဘေးနဲ့ပတ်သက်ပြီး အသိပညာပေးဟောပြောမှုတွေ၊ ပညာပေးဇာတ်လမ်းတိုတွေ ဖွင့်ပြတာတွေ ဆောင်ရွက်ပါတယ်။ ဒုတိယပိုင်းအနေနဲ့က ငလျင်လှုပ်ပြီးရင် ဒုတိယငလျင်ကလည်း ထပ်လှုပ်လာနိုင်တဲ့အတွက် နေအိမ်တွေမှာရှိနေတဲ့ ပြည်သူတွေကိုကွင်းပြင်ထဲကို ရွှေ့ပြောင်းပေးတဲ့လေ့ကျင့်မှုတွေ၊ နောက်ပြီး ဌာနဆိုင်ရာတွေ၊ ကြက်ခြေနီ၊ မီးသတ်ဦးစီးဌာနနဲ့ မြို့ပေါ်မှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေ၊ ပိတ်မိနေတဲ့လူတွေကို ရှာဖွေကယ်ဆယ်တာတွေ လေ့ကျင့်တယ်။ နောက်ပြီးတော့ ဆေးရုံ၊ ဆေးပေးခန်းတွေကို ပို့ဆောင်ပေးတယ်။ နောက်တစ်ခုက တိုက်တွေပေါ်မှာ ပိတ်မိနေတဲ့လူတွေကို မီးသတ်ဦးစီးဌာနနဲ့ ပူးပေါင်းပြီးတော့ ကယ်ထုတ်တာတွေကို လေ့ကျင့်ခဲ့ပါတယ်” ဟု ဘိုဘိုဝင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့မှ ဦးဘိုဘိုဝင်းက ပြောကြားသည်။

“ဒီနေ့လေ့ကျင့်မှုမှာ ငလျင်လှုပ်ခဲ့ရင် ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာ သိရပါတယ်။ ငလျင်လှုပ်ခဲ့ရင် ကလေးတွေကို ဆွဲခေါ်ပြီးတော့ ဘေးလွတ်တဲ့ သတ်မှတ်ထားတဲ့ကွင်းပြင်လို နေရာကိုသွားမယ်။ ပြီးရင် ခေါင်းငုံ့နေမယ် စသဖြင့်ပေါ့နော်၊ နောက်မီးကြိုးတွေနဲ့ လွတ်တဲ့နေရာမှာလည်း နေရမယ်ဆိုပြီး သိရပါတယ်။ အန်တီတို့အသက်အရွယ်အရ ဒါမျိုးမကြုံဖူးပေမဲ့ ငလျင်ဘေးကြုံခဲ့ရင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အတွေ့အကြုံလေးရပါတယ်” ဟု ဇေယျာသီရိရပ်ကွက်နေ ဒေါ်သိန်းအေးက ပြောကြားသည်။

အဆိုပါ ငလျင်အန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုကို မော်လမြိုင်မြို့ သာယာအေးရပ်ကွက်နှင့် ဇေယျာသီရိရပ်ကွက်တို့မှ ပြည်သူ ၃၀၀ ခန့် ပူးပေါင်းပါဝင်လေ့ကျင့်ခဲ့ကြသည်။

February 21, 2018














Copy Protected by Chetan's WP-Copyprotect.