နိုင်ငံတကာတွင် လူကြိုက်များနေသည့် ရွှေအိုရောင်ပုလဲကို မြိတ်ကျွန်းစုအတွင်း အလုံးအရင်းနှင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ

နိုင်ငံတကာတွင် လူကြိုက်များနေသည့် ရွှေအိုရောင်ပုလဲကို မြိတ်ကျွန်းစုအတွင်း အလုံးအရင်းနှင့် ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေ
Published 22 February 2018

ပုလဲမွေးမြူထုတ်လုပ်ရေး လုပ်ငန်းခွင်ကို တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးနေစဉ်

နိုင်ငံတကာတွင် လူကြိုက်များနေသည့် ရွှေအိုရောင်ပုလဲကို မြိတ်ကျွန်းစုအတွင်း အလုံးအရင်းနှင့်ထုတ်လုပ်နိုင်ရန် ဆောင်ရွက်နေပြီး (၆) ကြိမ်မြောက် ပုလဲပြပွဲကိုလည်း ဟောင်ကောင်တွင် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၅ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီများမှ မွေးမြူလျက်ရှိသော ပုလဲမွေးလုပ်ငန်းမှ နှစ်စဉ်လူကြိုက်များသည့် ပုလဲများကို ထုတ်လုပ်ပေးလျက်ရှိရာ ယခုနှစ်တွင်လည်း ပုလဲထုတ်လုပ်မှု လျာထားချက်ထက် ပြည့်မီကျော်လွန်ခဲ့ကြောင်း သိရသည်။

ဈေးကွက်အတွင်း လူကြိုက်များလာမှုနှင့် ထိုးဖောက်အားကောင်းမှုကြောင့် မြန်မာ့ပုလဲသမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန်တွင်လည်း ပြသရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

“၂၀၁၇ ခုနှစ်အတွင်းမှာ မြန်မာ့ပုလဲအနေဖြင့် သမိုင်းမှာပထမဆုံးအနေဖြင့် အမေရိကန်နိုင်ငံ လာ့စ်ဗီးဂတ်မြို့မှာ သွားရောက်ပြသရောင်းချနိုင်ခဲ့ပြီး အောင်မြင်မှုတွေအများကြီး ရရှိခဲ့ပါတယ်။ အခု ၂၀၁၈ ဖေဖော်ဝါရီလထဲမှာလည်း (၆) ကြိမ်မြောက် မြန်မာ့ပုလဲလေလံကို ပြသရောင်းချသွားဖို့ စီစဉ်ဆောင်ရွက်ထားပြီဖြစ်ပါတယ်။ တနင်္သာရီတိုင်းဒေသကြီးက ထွက်တဲ့ပုလဲတွေကို နိုင်ငံတကာက စိတ်ဝင်စားမှုရှိနေတယ်ဆိုတာကို ပြောပြချင်တာပါ။ ပြည်တွင်း/ပြည်ပ ရောင်းချပွဲတွေကနေ ဆန်းစစ်ချက်အရဆိုရင် အာရှနှင့်ဥရောပက ကုန်သည်တွေ အများစုဝယ်ကြပါတယ်။ ဂျပန်၊ တရုတ်၊ ကိုရီးယား၊ ထိုင်း၊ စင်ကာပူ၊ ကနေဒါ၊ အိန္ဒိယနှင့် အမေရိကန် စတဲ့နိုင်ငံတွေက ကုန်သည်တွေ ဝယ်ယူကြပါတယ်” ဟု မြန်မာ့ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးလွင်က ပြောကြားသည်။

မြန်မာနိုင်ငံမှထွက်ရှိသည့် ရွှေရောင်ပုလဲများမှာ အရွယ်အစားကြီးမားခြင်း၊ ပုလဲသားလွှာထူခြင်း၊ အရောင်ကြည်လင်တောင်ပခြင်းများကြောင့် လူကြိုက်များပြားလာနေကြောင်း သိရသည်။

“စိတ်ဝင်စားမှုအမြင့်မားဆုံးနိုင်ငံတွေကတော့ ဂျပန်၊ တရုတ်နှင့်အိန္ဒိယက စိတ်ဝင်စားမှုအများဆုံးရှိပါတယ်။ ပြည်ပမှာဆိုလို့ရှိရင် နိုင်ငံပေါင်း ၁၃၀ က ကုန်သည်တွေ လာရောက်ဝယ်ယူကြပါတယ်။ ပြည်တွင်းမှာ နိုင်ငံခြားနှင့် ရောင်းတဲ့ပွဲတွေမှာဆိုရင် နိုင်ငံခြားကုန်သည် ၂၀ လောက် လာရောက်ဝယ်ယူကြပါတယ်။ ဂျပန်၊ တရုတ်နှင့် အိန္ဒိယကုန်သည်တွေပဲဖြစ်တယ်။ လက်ရှိနိုင်ငံပိုင် ပုလဲကျွန်းနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီတွေကို ရွှေအိုရောင်ပုလဲနှင့်ပတ်သက်ပြီး သုတေသနတွေ ဆောင်ရွက်ခိုင်းထားပါတယ်။ ရွှေရောင်ပုလဲကို အဓိကထားပြီးထုတ်မယ်လို့ ရည်ရွယ်ထားတဲ့အတွက် သုတေသနလုပ်ငန်းတွေ အများကြီးဆောင်ရွက်ထားတာပါ။ အခုချိန်မှာတော့ One By One Method လို့ခေါ်တဲ့ သားဖောက်စနစ်ကိုကျင့်သုံးပြီး သုတေသနပြုလုပ်ခိုင်းထားပါတယ်။ ဒါကြောင့်မို့လို Mass Production လို့ခေါ်တဲ့ အလုံးအရင်းနှင့် ထုတ်လုပ်နိုင်တဲ့အဆင့်ကိုရောက်ရှိဖို့ ကြိုးစားဆောင်ရွက်ထားပါတယ်။ အလားအလာကောင်းတွေလည်း ရရှိနေပြီဖြစ်ပါတယ်” ဟု ဦးမျိုးလွင်က ပြောကြားသည်။

မြိတ်ကျွန်းစုအတွင်း နိုင်ငံပိုင်ပုလဲမွေးမြူရေးနှင့် ပြည်တွင်း/ပြည်ပကုမ္ပဏီ ကိုးခုရှိရာ လက်ရှိအချိန်အထိ ပုလဲ ၄၄၃၁၃၆ ဒသမ ၇၆ မိုမီ ထုတ်လုပ်ထားနိုင်ခဲ့ရာ လျာထားချက်ထက် ကျော်လွန်ခဲ့ကြောင်း သိရသည်။ နိုင်ငံပိုင်ပုလဲထုတ်လုပ်ရေးနှင့် ရောင်းဝယ်ရေးလုပ်ငန်းအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ပုလဲအတွဲပေါင်း ၃၀၆ တွဲ ပုလဲလုံးရေ ၈၇၇၉၆ လုံးထုတ်လုပ်ထားနိုင်ခဲ့ကြောင်း သိရသည်။