ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်အတွင်း ဒုစရိုက်မှု ၅၀ ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့

ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်အတွင်း ဒုစရိုက်မှု ၅၀ ကျော် ဖမ်းဆီးအရေးယူနိုင်ခဲ့
Published 22 February 2018

ရန်ကုန်တိုင်းဒေသကြီး၌ တစ်ရက်အတွင်း ဒုစရိုက်မှု ၅၃ မှု ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ခိုး၊ ဆိုး၊ လု၊ နှိုက် ကျူးလွန်တတ်သူများ၊ မူးယစ်ဆေးဝါး ဖြန့်ဖြူးရောင်းချသူများ၊ အများပြည်သူအပေါ် အနိုင်ကျင့်ဗိုလ်ကျအုပ်စုဖွဲ့ ကျူးလွန်သူများ၊ ဒုစရိုက်မှု ပြေးလေးပြေးများကို လင်းယုန်စီမံချက်အရ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်ရာ ဖေဖော်ဝါရီ ၂၀ ရက်တွင် အရှေ့ပိုင်းခရိုင် ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်အတွင်း ရဲအက်ဥပဒေဖြင့်အရေးယူမှု ငါးမှု၊ ယစ်မျိုးဥပဒေဖြင့် ဖမ်းဆီးအရေးယူမှုတစ်မှုနှင့် အနောက်ပိုင်းခရိုင် မရမ်းကုန်း၊ လှိုင်၊ ကမာရွတ်၊ ဗဟန်းမြို့နယ်များအတွင်း ရဲအက်ဥပဒေဖြင့် အရေးယူမှုခြောက်မှု၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမှုနှစ်မှု၊ ပြည့်တန်ဆာနှိပ်ကွပ်ရေး ဥပဒေဖြင့်အရေးယူမှုတစ်မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူမှုနှစ်မှု တရားခံနှစ်ဦးကို အရေးယူခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

ထို့ပြင် တောင်ပိုင်းခရိုင် သန်လျင်မြို့နယ်အတွင်း ယစ်မျိုးဥပဒေဖြင့် အရေးယူမှုနှစ်မှုနှင့် မြောက်ပိုင်းခရိုင် အင်းစိန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တိုက်ကြီးမြို့နယ်များအတွင်းမှ ရဲအက်ဥပဒေဖြင့် အရေးယူမှုလေးမှု၊ ကျင့်ထုံးဥပဒေပုဒ်မ ၅၄ ဖြင့် အရေးယူမှု ၁၁ မှု၊ ယစ်မျိုးဥပဒေဖြင့် အရေးယူမှုနှစ်မှု၊ ၁၉၆၁ ခုနှစ် ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့် ခံဝန်ဥပဒေအရ အရေးယူမှုနှစ်မှု၊ လက်နက်များအက်ဥပဒေဖြင့် အရေးယူမှုတစ်မှု၊ မော်တော်ယာဉ်ဥပဒေဖြင့် အရေးယူမှုခုနစ်မှု စသည်တို့ကို ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီ ၂၀ ရက်အတွင်း မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူမှုခုနစ်မှုရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

Most Read

Most Recent