နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲ တောင်ပြိုလက်ဝဲတွင် ကျင်းပ

နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲ တောင်ပြိုလက်ဝဲတွင် ကျင်းပ
Published 21 February 2018

နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲသို့ လာရောက်ကြသူများအား တောင်ပြိုလက်ဝဲတွင် တွေ့ရစဉ်

နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲကို တောင်ပြိုလက်ဝဲတွင် ဖေဖော်ဝါရီ ၂၀ ရက်နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံမှ မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်သည့်အဖွဲ့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကော်မရှင်နာ Mr.Abdul Mannan ဦးဆောင်သည့် အဖွဲ့တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် နယ်စပ်ခြံစည်းရိုး အပြင်ဘက် သုညမျဉ်းတွင် တရားမဝင် နေထိုင်နေကြသည့် ဘင်္ဂါလီများကိစ္စ အဓိကထား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကော်မရှင်နာ Mr.Abdul Mannan ဦးဆောင်သည့်အဖွဲ့သည် မြန်မာ-ဘင်္ဂလားဒေ့ရှ် ချစ်ကြည်ရေး တံတားမှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ပြီး တောင်ပြိုမြို့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးသို့ နံနက် ၁၁ နာရီ ၄၈ မိနစ်တွင် ရောက်ရှိကာ နံနက် ၁၁ နာရီ  ၅၈ မိနစ်တွင် ဆွေးနွေးမှု စတင်ခဲ့ကြောင်း သိရသည်။

မြန်မာဘက်မှ ဆွေးနွေးရာတွင် နှစ်နိုင်ငံနယ်စပ် Zero Line တွင် ဘင်္ဂါလီများသည် တရားမဝင် နေအိမ်များ ဆောက်လုပ်နေထိုင် နေကြကြောင်း၊ Zero Line တွင်နေထိုင်သည့် ဘင်္ဂါလီများအား NGO အဖွဲ့များက ထောက်ပံ့ပစ္စည်း ပေးနေခြင်းသည် လူသားချင်း စာနာမှုကို နားလည်သော်လည်း ပြန်လည်လက်ခံရေး ကိစ္စရပ်များတွင် အဟန့်အတား ဖြစ်လာကြောင်း၊ ဥပဒေနှင့်လည်း မကိုက်ညီသည်ကို တွေ့ရပါကြောင်း စသည့်ကိစ္စရပ်များ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပြန်လည်ဆွေးနွေးရာတွင် မြန်မာဘက်က ဆွေးနွေးပြောကြားမှုကိုလက်ခံပြီး မှတ်တမ်းတင်ပါကြောင်း၊ Zero Line ကိစ္စ နေထိုင်သူများကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ လက်ခံရေး လုပ်ငန်းစဉ်များကို ရှင်းလင်းပြောဆိုလိုပါကြောင်း၊ ပြန်လည်ဝင်ရောက် လာသူများကို အန္တရာယ်ကင်းရန်၊ မိမိနေရာသို့ ပြန်လည်နေရာချထားပေးရန် တောင်းဆိုပါကြောင်း၊ ပြန်လာသူများသည် မိမိဆန္ဒအတိုင်းသာ ပြန်လည်ဝင်ရောက် စေလိုပါကြောင်း၊ ခြိမ်းခြောက်ခြင်းမျိုး မဟုတ်ဘဲ ဖြစ်သင့်ပါကြောင်း၊ လိုအပ်ချက်များကို နှစ်နိုင်ငံဆွေးနွေးပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လာရောက်ကူညီသည့် NGO များသည် နိုင်ငံတကာကသာ ဖြစ်ကြောင်း၊ UNHCR စသည့်အဖွဲ့များ လာရောက်ကူညီမှုသည် ကုလသမဂ္ဂအဖွဲ့ ဖြစ်သဖြင့် မိမိတို့နိုင်ငံအနေဖြင့် တားမြစ်ခွင့် မရှိပါကြောင်း၊ ဆွေးနွေးပွဲသည် ပြန်လည်လက်ခံရေးအတွက် ဆုံးဖြတ်ချက်တစ်ခု ချနိုင်ရန် လိုအပ်ပါကြောင်း၊ ကမ္ဘာကလည်း စောင့်ကြည့်နေကြပါကြောင်း၊ Zero Line တွင် တည်ရှိနေသူ ၅၀၀၀ ကျော်ဟု ခန့်မှန်းပါကြောင်း စသည့်အချက်များ ပြန်လည်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နေရပ်စွန့်ခွာ ဘင်္ဂါလီများ ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နှစ်နိုင်ငံ ခရိုင်အရာရှိအဆင့် ဆွေးနွေးပွဲသို့ လာရောက်ကြသူများအား တောင်ပြိုလက်ဝဲတွင် တွေ့ရစဉ်

ထို့ပြင် တစ်ဖက်နိုင်ငံမှ ပြန်လည်ဝင်ရောက် လာသူများအား ပြန်လည်လက်ခံရေးအတွက် တောင်ပြိုစခန်း၊ ငါးခူရစခန်းနှင့် လှဖိုးခေါင်စခန်းတို့ကို အဆင်သင့် ပြင်ဆင်ထားသည့် အခြေအနေများကို မြန်မာဘက်မှ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအား မွန်းလွဲ ၁ နာရီ ၁၈ မိနစ်ခန့်တွင် ခေတ္တရပ်နားပြီး မွန်းလွဲ ၁ နာရီ မိနစ် ၅၀ တွင် ခြံစည်းရိုး အပြင်ဘက် သုညမျဉ်း Zero Line တွင် တရားမဝင် နေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကော်မရှင်နာနှင့်အဖွဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

မွန်းလွဲ ၂ နာရီ ၂၅ မိနစ်တွင် Zero Line မှ ပြန်လည်ထွက်ခွာခဲ့ပြီး တောင်ပြိုလက်ဝဲမြို့ ထွေ/အုပ်ရုံးသို့ ပြန်လည်ရောက်ရှိပြီး နေ့လယ်စာ သုံးဆောင်ကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းခရိုင် ကော်မရှင်နာနှင့် အဖွဲ့သည် နှစ်နိုင်ငံ ချစ်ကြည်ရေး တံတားမှ ပြန်လည် ထွက်ခွာသွားခဲ့ကြကြောင်း သိရသည်။

ဖေဖော်ဝါရီ ၆ ရက် မွန်းလွဲပိုင်းကလည်း တရုတ်အပါအဝင် နိုင်ငံတကာ သံတမန်အဖွဲ့သည် တောင်ပြိုလက်ယာအနီး မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံနယ်စပ် ခြံစည်းရိုး အပြင်ဘက်တွင် တရားမဝင် နေထိုင်နေကြသည့် ဘင်္ဂါလီများအား သွားရောက်တွေ့ဆုံပြီး တောင်ပြို၊ ငါးခူရ၊ လှဖိုးခေါင် စသည့် ပြန်လည်လက်ခံရေး စခန်းများတွင် အသင့်ပြင်ဆင် ထားခြင်းများကို လေ့လာခဲ့ကြကြောင်း သိရသည်။

အဆိုပါ မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မိုင်တိုင် ၃၄ နှင့် ၃၅ ကြား နယ်စပ်ခြံစည်းရိုးနှင့် သုညမျဉ်းကြားတွင် တရားမဝင် ဘင်္ဂါလီအိမ်ခြေ တစ်ထောင်ကျော်ရှိကြောင်း သိရသည်။

အဆိုပါ နယ်စပ်ခြံစည်းရိုး အပြင်ဘက်တွင် ယာယီတဲအိမ်များ ဆောက်လုပ်နေထိုင်နေကြသည့် ဘင်္ဂါလီ ခေါင်းဆောင်များနှင့် တွေ့ဆုံကာ မြန်မာနိုင်ငံဘက်မှ ပြန်လည်လက်ခံမည့် ကိစ္စရပ်များ၊ ပြန်လည်လက်ခံမည့် လုပ်ငန်းစဉ်များ၊ အိမ်ထောင်စုစာရင်း ကိစ္စများ စိစစ်ရမည့် လုပ်ငန်းများနှင့် ပတ်သက်ပြီး  ရခိုင်ပြည်နယ်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဖုန်းတင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ရခိုင်ပြည်နယ် ညွှန်ကြားရေးမှူး ဦးအောင်မင်းတို့ ပါဝင်သည့်အဖွဲ့နှင့် မောင်တောခရိုင် အုပ်ချုပ်ရေးမှူး ဦးဆောင်သည့် အဖွဲ့များက အကြိမ်ကြိမ် ရှင်းလင်းပြောကြားခဲ့ပြီး ဖြစ်သော်လည်း ပြန်လည်ဝင်ရောက်လာခြင်း မရှိဘဲ ငြင်းဆန်နေကြောင်း သိရသည်။

သို့အတွက် ခြံစည်းရိုးအပြင်ဘက် မြန်မာပိုင်နက်တွင် တရားမဝင် နေထိုင်နေခြင်းနှင့် ပတ်သက်ပြီး ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် ကိစ္စများကို သတိပေးထားပြီး ဖြစ်ကြောင်းလည်း သိရသည်။

အကြမ်းဖက်ဖြစ်စဉ်ကြောင့် တစ်ဖက်နိုင်ငံသို့ ထွက်ပြေးသွားသူများအား ပြန်လည်လက်ခံရေး အစီအစဉ်ကို မြန်မာနိုင်ငံမှ ဇန်နဝါရီ ၂၃ ရက်ကစ၍ တောင်ပြိုနှင့် ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ လဝက၊ လူ/ကယ်/ပြန်၊ မီးသတ်ဦးစီးဌာန၊ မှုခင်းရဲတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၊ သူနာပြုတို့ဖြင့် လက်ခံရေး ဆောင်ရွက်လျက်ရှိပြီး လက်ရှိအချိန်အထိ ဟိန္ဒူ၊ ဘင်္ဂါလီများ ပြန်လည်ဝင်ရောက်မှု မရှိသေးကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent