ကမ္ဘာပေါ်တွင် ကလေးလုပ်သား သန်း ၁၅၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် အန္တရာယ်ရှိလုပ်ငန်းများတွင် လုပ်ကိုင်နေရ

ကမ္ဘာပေါ်တွင် ကလေးလုပ်သား သန်း ၁၅၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် အန္တရာယ်ရှိလုပ်ငန်းများတွင် လုပ်ကိုင်နေရ
Published 21 February 2018

ကမ္ဘာပေါ်တွင် ကလေးလုပ်သား သန်း ၁၅၀ ကျော်ရှိပြီး ထက်ဝက်ခန့်သည် အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်ကိုင်နေရကြောင်း ဒုတိယသမ္မတ(၁) ဦးမြင့်ဆွေ၏ ပြောကြားချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၉ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၏ ပထမဆုံးအကြိမ်လုပ်ငန်း ညှိနှိုင်းအစည်းအဝေး၌ ၎င်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ကမ္ဘာ့စစ်တမ်းများအရ ကမ္ဘာပေါ်မှာ အသက် ၅ နှစ်မှ ၁၇ နှစ်အကြား ကလေးအလုပ်သမား ၁၅၂ သန်းခန့်ရှိရာ ၇ ဒသမ ၄ ရာခိုင်နှုန်းဟာ အာရှနှင့်ပစိဖိတ်ဒေသတွင်ရှိနေပြီး စိုက်ပျိုးရေးကဏ္ဍများတွင် ၇၀ ဒသမ ၉ ရာခိုင်နှုန်းခန့်ရှိနေကာ ဒီအထဲမှာမှ ၇၃ သန်းခန့်ဟာ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် လုပ်ကိုင်နေရကြောင်း လေ့လာသိရှိရပါတယ်” ဟု ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ပြောကြားသည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံတွင် အသက် ၁၈ နှစ်အောက် ကလေးဦးရေ ၁၈ သန်းကျော်ရှိပြီး အသက်ငါးနှစ်မှ ၁၇ နှစ်အတွင်း ကလေးဦးရေ ၁၂ သန်းကျော်တွင် ကလေးလုပ်သားဦးရေ ငါးရာခိုင်နှုန်းနှင့် အန္တရာယ်ရှိသောလုပ်ငန်းခွင်များတွင် အလုပ်လုပ်နေရသော ကလေးလုပ်သား ၄ ဒသမ ၉ ရာခိုင်နှုန်းခန့် ပါဝင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အဆိုးရွားဆုံးပုံစံဖြင့် ကလေးအလုပ်သမားခိုင်းစေခြင်းဆိုင်ရာ ILO ပြဋ္ဌာန်းချက်အမှတ် ၁၈၂ ကို ၂၀၁၃ ခုနှစ် ဒီဇင်ဘာတွင် လက်မှတ်ရေးထိုးခဲ့သည်။

ကလေးအလုပ်သမားကိစ္စများနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ချုပ် (ILO)၊ ကမ္ဘာ့ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent