တရုတ်နှစ်သစ်ကူးပွဲတော် အပြီးတွင် ဧရာဝတီတိုင်းအတွင်း ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်ကာ အခြေခံလူတန်းစားများ အနေဖြင့် စားဝတ်နေရေး ကျပ်တည်းလာ

တရုတ်နှစ်သစ်ကူးပွဲတော် အပြီးတွင် ဧရာဝတီတိုင်းအတွင်း ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခဲ့ပြီး ဆန်တစ်အိတ်လျှင် ကျပ် ၃၀၀၀ မှ ၅၀၀၀ ခန့်အထိ ဈေးနှုန်းမြင့်တက်ကာ အခြေခံလူတန်းစားများ အနေဖြင့် စားဝတ်နေရေး ကျပ်တည်းလာ
Published 21 February 2018

တရုတ်နှစ်သစ်ကူးပွဲတော် အပြီးတွင် ဧရာဝတီတိုင်းဒေသကြီး အတွင်း၌ ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက် လာခဲ့ပြီး မနောသုခကဲ့သို့သော ဆန်ကြမ်းအသစ် တစ်အိတ်လျှင် ကျပ် ၃၀၀၀ ခန့် ပေါ်ဆန်းကဲ့သို့သော ဆန်ချောအသစ် တစ်အိတ်လျှင် ကျပ် ၅၀၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ပြီး အခြေခံလူတန်းစားများ အနေဖြင့် ဆန်ဈေးကြီးမြင့်မှုနှင့် ရင်ဆိုင်လာရကာ စားဝတ်နေရေး ကျပ်တည်းမှုများ ဖြစ်ပေါ်လာခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်း အဓိကဆန်စပါးဈေးကွက် တစ်ခုဖြစ်သည့် မြောင်းမြ ဆန်စပါးဈေးကွက် အတွင်း တရုတ်နှစ်ကူးရက်များ မတိုင်မီ ဖေဖော်ဝါရီလဆန်းပိုင်း ရက်များက မနောသုခကဲ့သို့သော ဆန်အမျိုးအစားများမှာ ၁၀၅ ပေါင်ပါဆန်သစ်တစ် အိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်သာရှိရာမှ ကျပ် ၂၅၀၀၀ ခန့်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ မနောသုခကဲ့သို့ စပါးအမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၅၈၀၀၀၀ ဝန်းကျင်မှ ကျပ် ၆၄၀၀၀၀ ဝန်းကျင်အထိ ဈေး နှုန်းရောက်ရှိလာကြောင်း၊ ပြည်တွင်းစားသုံး သူများပြားသည့် ပေါ်ဆန်းဆန်ကဲ့သို့သော ဆန်အချောများမှာ ၁၀၈ ပေါင်ပါ ဆန်သစ် တစ်အိတ်လျှင် ကျပ် ၃၅၀၀၀ ဝန်းကျင်မှ ကျပ် ၄၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်လာခဲ့ကြောင်း၊ ပေါ်ဆန်းကဲ့သို့ စပါး အမျိုးအစားများမှာ တင်း ၁၀၀ လျှင် ကျပ် ၈၉၀၀၀၀ ခန့်မှ ကျပ် ၉၅၀၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ ရောက်ရှိလာကြောင်း၊ ဆန်ကွဲဈေးနှုန်းများမှာလည်း ၁၀၅ ပေါင်ပါ ဆန်ကွဲ တစ်အိတ်လျှင် ကျပ် ၁၇၀၀၀ ဝန်းကျင်အထိ ဈေးနှုန်းများ မြင့်တက်လျက်ရှိပြီး ဈေးကွက်အတွင်း စပါးအဝင်များ မရှိသလောက် နည်းပါးနေခဲ့ကာ ကုန်ကြမ်းပစ္စည်း နည်းပါးနေခြင်းကြောင့် ဈေးနှုန်းများ ဆက်လက်မြင့်တက် လာမည်ဟု ခန့်မှန်းနေကြ လျက်ရှိကြောင်း ဆန်လုပ်ငန်းရှင်များထံမှ သိရသည်။

“ဒီရက်ထဲက တောက်လျှောက်ကို ဆန်ကတက်နေတာ။ အကြမ်းဆို တစ်အိတ်ကို ၃၀၀၀၊ ၄၀၀၀ တက်တယ်။ အချောဆို ၅၀၀၀ လောက်အထိတက်တယ်။ စပါးဈေးကလည်း လိုက်တက်တယ် ဆိုပေမယ့် စပါးအဝင်က မရှိသလောက် ဖြစ်သွားပြီး တစ်နေ့ကို စက်လှေတစ်စင်းရဖို့တောင် မလွယ်တော့ဘူး။ တောင်သူတွေ လက်ထဲမှာလည်း စပါးက မရှိတော့ဘူး။ အကြီးသမားတွေ လက်ထဲပဲ ရှိတော့တယ်။ အရောင်းအဝယ်က ဒီရက်ထဲ ကောင်းနေတယ်။ မန္တလေး၊ မူဆယ်ဘက်က တောက်လျှောက်သွားနေကြတာ။ နှစ်ကူးပြီးတာနဲ့ တရုတ်က ပြန်ဆွဲမယ်ဆိုတော့ အဲဒီဘက်မှာ သွားပုံထားကြတာများတယ်။ ဈေးတက်က ပြန်ကျဖို့ ကျွန်တော်ကတော့ မမြင်ဘူး။ ဒီဘက်မှာက လက်ကျန်စပါး နည်းသွားပြီး အချို့ဆို နွေစပါးကိုတောင် ကြိုလိုက်ဝယ်နေကြတယ်။ ဒီနှစ်က စပါးက စောစောပြတ်မယ့် သဘောရှိတယ်” ဟု မြောင်းမြမြို့ရှိ ဆန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ဆန်ဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာမှုကြောင့် နေ့စဉ်ဆန်လက်လီ ဝယ်ယူစားသောက်နေရသည့် အခြေခံလူတန်းစား ပြည်သူများအနေဖြင့် ကျပ်တည်းခက်ခဲမှုများကိုလည်း ရင်ဆိုင်လာရနေကြောင်း သိရသည်။

“ကျွန်တော်က ကယ်ရီဆွဲတော့ ဆွဲကောင်းတဲ့နေ့ရှိတယ်၊ ဆွဲမကောင်းတဲ့နေ့လည်း ရှိတယ်။ တစ်နေ့ကို ၁၅၀၀ လောက်မှန်းပြီးတော့ အိမ်အတွက်လုပ်ရတာ။ အခုကျတော့ ဆန်ဈေးက တစ်ပြည်ကို ၂၀၀၊ ၃၀၀ ကျော်လောက်မက တက်သွားတော့ နည်းနည်းဆိုပေမဲ့ မလွယ်ဘူး။ ဆန်ကွဲအသန့်တောင်မှ ၁၀၀၀ နီးပါး ဖြစ်ကုန်တယ်လို့ အိမ်ကပြောတာပဲ။ ဒီအတိုင်းဆို နောက်ရက်တွေမှာ တော်တော်ဆိုးမယ်။ ဝင်ငွေက တိုးမလာဘူး။ အထွက်က တိုးလာတယ်ဆိုတော့” ဟု မြောင်းမြမြို့တွင် ဆိုင်ကယ်ကယ်ရီ မောင်းနှင်နေသူ ကိုဘိုဘိုခိုင်က ပြောကြားသည်။

 

Most Read

Most Recent