၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒကို ပြန်လည်စိစစ် သုံးသပ်နေပြီး တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်သူအား အသိပေးပြီးမှ ဆောင်ရွက်မည်ဟုဆို

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒကို ပြန်လည်စိစစ် သုံးသပ်နေပြီး တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်သူအား အသိပေးပြီးမှ ဆောင်ရွက်မည်ဟုဆို
Published 21 February 2018

ယာဉ်သွားလာမှု များပြားသည့် ရန်ကုန်မြို့လယ် အနော်ရထာလမ်း တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

၂၀၁၈ ခုနှစ်အတွက် ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းခွင့် မူဝါဒကို ပြန်လည်စိစစ် သုံးသပ်နေပြီး တိုင်းဒေသကြီး လွှတ်တော်နှင့် ပြည်သူအား အသိပေးပြီးမှ ဆောင်ရွက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး (ဆဋ္ဌမနေ့) တွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

အဆိုပါကိစ္စအား လသာမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းနိုင်က လူပုဂ္ဂိုလ် တစ်ဦးချင်းအလိုက် မော်တော်ယာဉ်တင်သွင်းခွင့် Free Permit ကို ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြန်လည်စိစစ်ခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုကြောင်း မေးခွန်းအား ဝန်ကြီးက ပြန်လည်ဖြေကြားရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအတွင်း မော်တော်ယာဉ်တင်သွင်းမူ အပေါ်မှာ ထိရောက်ကောင်းမွန်တဲ့ စနစ်တစ်ခုကို ပြောင်းလဲကျင့်သုံးနိုင်ဖို့အတွက် ယခင်အစိုးရလက်ထက်မှာ ဆောင်ရွက်ခဲ့တဲ့ လူပုဂ္ဂိုလ်တစ်ဦးချင်း မော်တော်ယာဉ် လျှောက်ထားမူများနှင့် ကုမ္ပဏီများမှ မော်တော်ယာဉ်တင်သွင်းမှု လျှောက်ထားမှုများ၊ နယ်ဝင်လိပ်စာ လျှောက်ထားမှုများကိုလည်း ရန်ကုန်တိုင်းဒေသကြီး အတွင်းမှာ ဆိုင်းငံ့ထားခဲ့ပါတယ်။ အခု ကျွန်တော်တို့ ၂၀၁၈ ခုနှစ်အတွင်းမှာ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက ပြန်လည်စိစစ်သုံးသပ် ဆောင်ရွက်လျက် ရှိနေပါတယ်။ ကျင့်သုံးလာမယ့် မော်တော်ယာဉ် တင်သွင်းခွင့် ဆောင်ရွက်မယ့် အစီအစဉ် အသေးစိတ်ကို တိုင်းဒေသကြီး လွှတ်တော်နဲ့ ပြည်သူတို့ထံ ကြိုတင်အသိပေးပြီးမှ ဆောင်ရွက်မှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ပြောကြားသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ် တင်သွင်းခွင့်မူဝါဒကို နှစ်စဉ်ထုတ်ပြန်ပြီး ပြည်ပမှ မော်တော်ယာဉ်များ တင်သွင်းခွင့်ပြုခဲ့ရာ စီမံချက်များ စတင်ဆောင်ရွက်ခဲ့သည့် ၂၀၁၁ စက်တင်ဘာမှ လက်ရှိကာလအတွင်း မော်တော်ယာဉ် တင်သွင်းလာရာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး၌ မော်တော်ယာဉ် အစီးရေပေါင်း ၈ ဒသမ ၈ သိန်းကျော် ရှိလာကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသည့် ကားအရေအတွက် ငါးသိန်းခန့်ရှိကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တွင်း သိသိသာသာ လမ်းပိတ်ဆို့ခြင်း၊ ယာဉ်ကြော ကြပ်တည်းခြင်းများ နေ့စဉ်နှင့်အမျှ ကြုံတွေ့လာကြောင်း၊ ထို့ကြောင့် ယခင်အစိုးရလက်ထက် ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှ စတင်ကာ ရန်ကုန်တိုင်းဒေသကြီး၏ လိပ်စာဖြင့် မော်တော်ယာဉ်တင်သွင်းခွင့်၊ ကုမ္ပဏီများမှ မော်တော်ယာဉ် တင်သွင်းခွင့် လျှောက်ထားမှုများနှင့် အခြား ပြည်နယ်၊ တိုင်းဒေသကြီးများမှ ရန်ကုန်သို့ လိပ်စာပြောင်း လျှောက်ထားမူများကို ကားပါကင် ထောက်ခံချက်နှင့် လျှောက်ထားစေပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ခွင့်ပြုမိန့်ပါမှသာလျှင် ခွင့်ပြုတဲ့စနစ်ကို ကျင့်သုံးခဲ့ကြောင်း၊ သို့သော် အဆိုပါစနစ်သည် ထိရောက်မှု မရှိသည့်အတွက် ၂၀၁၆ ခုနှစ် မတ်လအတွင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရ မတက်ခင်မှာပဲ ပါကင်ဖြင့် ခွင့်ပြုသည့်စနစ် ထုတ်ပေးမူကို ရပ်ဆိုင်းခဲ့ပြီးဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

“အခု ကျွန်တော်တို့ မိမိတို့အစိုးရသစ် လက်ထက်မှာ ဖြေရှင်းနေကြတာကို အားလုံးအသိ ဖြစ်ပါတယ်။ ရန်ကုန်မြို့တော် အတွင်းမှာ ယာဉ်ကြောကျပ်တည်းတာကို ဖြေရှင်းနိုင်ဖို့အတွက် အဓိကကျတဲ့ လမ်းဆုံများမှာ ခုံးကျော်တံတားများ ဆောက်ထားခြင်း၊ လမ်းများချဲ့ထွင်ခြင်း၊ ကုန်တင်ကားများကို ညအချိန်တွေမှာ အသုံးပြုစေခြင်း စတဲ့နည်းလမ်းများနဲ့ ဖြေရှင်းနေသလို၊ အများပြည်သူ သွားလာမှု အဆင်ပြေချောမွေ့ မြန်ဆန်ရေးအတွက် မထသစနစ်ကို ပယ်ဖျက်ပြီးတော့ YRTA စနစ်နဲ့ ပြန်လည်ဖွဲ့စည်းခြင်း၊ ဘတ်စ်ကားများကိုလည်း YBS စနစ်ဖြင့် အကောင်အထည်ဖော်ခြင်း စတဲ့စနစ်နဲ့ နည်းပေါင်းစုံနဲ့ ယာဉ်ကြောကြပ်တည်းမှု ကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်လျက် ရှိပါတယ်” ဟု ဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

 

Most Read

Most Recent