ဒေါ်လာ ၁၁၇ သန်းဖြင့် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ အဆင့်မြှင့်တင်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည်

ဒေါ်လာ ၁၁၇ သန်းဖြင့် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ အဆင့်မြှင့်တင်ပြီး သဘာဝဘေးအန္တရာယ် ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်မည်
Published 21 February 2018

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ်၌ ၂၀၁၇ ခုနှစ် ဇွန်လအတွင်း ရေကြီးရေလျှံမှု ဖြစ်ပေါ်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ကမ္ဘာ့ဘဏ်မှ ချေးငွေဒေါ်လာ ၁၁၆ သန်း နှင့် ဂျပန်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနနှင့် နိုင်ငံတကာ အလှူရှင်များစွာ ပါဝင်သည့် အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် အာမခံရန်ပုံငွေ (SEADRIF) အတွက် ထောက်ပံ့ငွေ ဒေါ်လာတစ်သန်း စုစုပေါင်း ဒေါ်လာ ၁၁၇ သန်းဖြင့် ရန်ကုန်မြို့၏ သဘာဝဘေး အန္တရာယ်နှင့် သက်ဆိုင်သည့် လုပ်ငန်းများ၊ ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များနှင့် အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများ အဆင့်မြှင့်တင်မည် ဖြစ်ကြောင်း ဖေဖော်ဝါရီ ၂၀ ရက်တွင်ပြုလုပ်သည့် မြန်မာနိုင်ငံနှင့် အရှေ့တောင်အာရှ သဘာဝဘေး အန္တရာယ် စီမံခန့်ခွဲမှုစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲနှင့် မိတ်ဆက်ပွဲ အခမ်းအနားမှ သိရသည်။

ယင်းအလုပ်ရုံ ဆွေးနွေးပွဲသည် စီမံကိန်းအတွက်လည်း အကျိုးဖြစ်ထွန်းပြီး ရန်ကုန်တိုင်းဒေသကြီးရှိ အဓိကဌာနဆိုင်ရာအကြီး အကဲများအတွက် အခွင့်အလမ်းကောင်းဖြစ်ကြောင်း၊ အလုပ်ရုံဆွေးနွေးပွဲမှ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူ ဖြစ်စေရုံသာမကဘဲ ရန်ကုန်မြို့နေ ပြည်သူလူထုအတွက် များစွာအထောက်အကူ ဖြစ်မည်ဖြစ်ပြီး ရေကြီးရေလျှံဖြစ်နေမှု ကိစ္စရပ်များနှင့် ပတ်သက်ပြီး ရေမြောင်းများ ပိုမိုကောင်းမွန်လာနိုင်ရန် စနစ်တကျ လေ့လာဆန်းစစ်မှုများ ပြုသွားနိုင်မည် ဖြစ်ကြောင်း၊ အခြေခံ အဆောက်အအုံများ ကြံ့ခိုင်မှုနှင့် ပတ်သက်ပြီး အများပြည်သူ ဝင်ထွက်သွားလာနေသည့် ဈေးများ၊ ဆေးရုံများ စသည့်အဆောက်အအုံများကို ကြံ့ခိုင်မှုဖြစ်အောင် ယင်းအလုပ်ရုံ ဆွေးနွေးပွဲကတစ်ဆင့် အခွင့်အလမ်းကောင်းများ ရလာနိုင်ကြောင်း၊ ရန်ကုန်မြို့သည် သဘာဝဘေးအန္တရာယ်ဒဏ်ကို ထိရောက်နိုင်ခြေ၊ ခံစားရနိုင်သည့် မြို့တစ်မြို့ဖြစ်ပြီး ငလျင်ဒဏ်နှင့် ရေကြီးရေလျှံမှု ပြဿနာများကိုလည်း ခံစားရနိုင်သည့် အခြေအနေရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

စီမံကိန်းများ၏ Process များအရ ယင်းစီမံကိန်းသည် ပြည်ထောင်စုအစိုးရကသာ ဆောင်ရွက်နိုင်သည့် စီမံကိန်းတစ်ခုဖြစ်ပြီး ယင်းစီမံကိန်းငွေကြေးကို နိုင်ငံခြားမှ ချေးယူရမည် ဖြစ်သည့်အတွက် ပြည်ထောင်စု လွှတ်တော်တွင် တင်ပြပြီး အတည်ပြုချက် ယူရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ယခုစီမံကိန်းသည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက အလျင်မြန်ဆုံး ပြန်လည်ထူထောင်နိုင်ရန် အတွက် ဘေးအန္တရာယ် မကျရောက်မီ ကြိုတင်ပြင်ဆင်မှုနှင့် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ရန် အထောက်အကူ ပေးမည်ဖြစ်သည်။ ကမ္ဘာ့ဘဏ်အနေနှင့် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ ကျရောက်လာပါက အလျင်မြန်ဆုံး တုံ့ပြန်ဆောင်ရွက်နိုင်စေရန်ကူညီပံ့ပိုး ပေးသွားမည်ဖြစ်သည်။ သို့မှသာ မိသားစုဘဝများ လုံခြုံနိုင်မည်ဖြစ်ပြီး ပြည်သူများ လုပ်ငန်းခွင်များသို့ အလျင်အမြန် ပြန်လည် ဝင်ရောက်နိုင်မည် ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူးချုပ် အယ်လင်ဂိုးစတိန်းက ပြောကြားသည်။

အဆိုပါစီမံကိန်း၏ ရည်ရွယ်ချက်မှာ သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရပါက တုံ့ပြန်ဆောင်ရွက်နိုင်သည့် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်ရန်ဖြစ်သည်။ မြန်မာနိုင်ငံသည် သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ခြေ မြင့်မားသည့် နိုင်ငံဖြစ်ပြီး နှစ်စဉ် ဒေါ်လာ ၁၈၄ သန်းခန့် ဆုံးရှုံးလျက်ရှိကြောင်း၊ ဆင်းရဲနွမ်းပါးသည့် ပြည်သူများက အထူးသဖြင့် ပိုမိုထိခိုက် ခံစားရလေ့ရှိကြောင်း၊ ကမ္ဘာ့ဘဏ်၏ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေးချေးငွေ ဒေါ်လာ ၁၁၆ သန်းဖြင့် ဆောင်ရွက်မည့် ယခုစီမံကိန်းသည် ရန်ကုန်မြို့တွင် ရေကြီးရေလျှံကြောင့် ဖြစ်ပေါ်လာသည့် နစ်နာဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးနှင့် အများပြည်သူများနှင့် သက်ဆိုင်သည့် အရေးပါသော အဆောက်အအုံများအား ငလျင်ဒဏ်မှ ခံနိုင်ရည်ရှိစေရေး အဆင့်မြှင့်တင် ဆောင်ရွက်ရန်နှင့် နိုင်ငံတစ်ဝန်း အရေးပေါ်အခြေအနေများ တုံ့ပြန်ဆောင်ရွက်မှု လုပ်ငန်းများအတွက် ငွေကြေးထောက်ပံ့မှု စီမံခန့်ခွဲရာတွင် ပြည်ထောင်စုအစိုးရ၏ စွမ်းဆောင်ရည်မြင့် မားလာစေရန် လုပ်ငန်းများအား ပံ့ပိုးဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ စီမံကိန်းအောက်တွင် ရန်ကုန်မြို့ရှိ ရေမြောင်းစနစ်များ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အဆောက်အအုံများကို အဆင့်မြှင့်တင်နိုင်မည်ဖြစ်ပြီး လူဦးရေ ငါးသိန်းခန့်အတွက် အကျိုးရှိစေရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

Most Recent