မန္တလေးဆေးရုံကြီးတွင် H1N1 သံသယရှိ လူနာနှစ်ဦး ထပ်မံရောက်ရှိလာပြီး H1N1 Positive လူနာ ၁၂ ဦးအထိ ရှိလာ

မန္တလေးဆေးရုံကြီးတွင် H1N1 သံသယရှိ လူနာနှစ်ဦး ထပ်မံရောက်ရှိလာပြီး ဆေးရုံကြီးသို့ ကုသမှု ခံယူသူ ၁၈ ဦးအထိ ရှိလာကြောင်း တိုင်းကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။ H1N1 ရောဂါပိုး သံသယရှိသဖြင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးသို့ ဇူလိုင် ၃၀ ရက်မှ သြဂုတ် ၁၂ ရက်အထိ လူနာ စုစုပေါင်း ၁၈ ဦး ရောက်ရှိခဲ့ပြီး ဓာတ်ခွဲစစ်ဆေးမှု အဖြေများအရ H1N1 ပိုးရှိ အတည်ပြုလူနာ ၁၂ ဦးရှိခဲ့ကြောင်း သိရသည်။

“မနေ့က ဆေးရုံကြီးကို သံသယရှိ လူနာနှစ်ဦး ထပ်ရောက်လာတဲ့အတွက် မန္တလေး ဆေးရုံကြီးကို စုစုပေါင်းတက်တဲ့လူနာ ၁၈ ဦး ရှိသွားပြီ ဖြစ်တယ်။ စစ်ဆေးချက်အရ ၁၂ ဦးက ပိုးရှိအတည်ပြုဖြစ်ပြီး သုံးဦးကတော့ စစ်ဆေးဆဲ ဖြစ်ပါတယ်” ဟု တိုင်းကျန်းမာရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က ပြောကြားသည်။

တိုင်းကျန်းမာရေးဦးစီးဌာနမှ H1N1 နှင့် ပတ်သက်၍ တိုင်းအတွင်း မြို့နယ် ၂၃ မြို့နယ်မှ ဆေးရုံများသို့ ၂၄ နာရီအတွင်း လူနာရောက်ရှိမှု အခြေအနေများနှင့် ပတ်သက်၍ နေ့စဉ် ရီပို့ရယူခြင်းများ ဆောင်ရွက်ကာ စောင့်ကြည့်လျက်ရှိပြီး လက်ရှိအချိန်အထိ မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးမှလွဲ၍ ကျန်မြို့နယ်ဆေးရုံများတွင် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် တက်ရောက် ကုသနေသူ မရှိကြောင်းနှင့် တိုင်းအတွင်း H1N1 ရောဂါပိုးဖြင့် သေဆုံးသူ လေးဦးရှိခဲ့ကြောင်း သိရသည်။ ရှေ့ဆက်လုပ်ငန်းစဉ်များ အပါအ၀င် သုံးသပ်ချက်များအား သြဂုတ် ၁၃ ရက်တွင် အသေးစိတ် ထုတ်ပြန်သွားမည် ဖြစ်သည်။