မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်တွင် YBS 91 ယာဉ် အပါအဝင် ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာရ

မင်္ဂလာဒုံမြို့နယ် ပြည်လမ်းပေါ်တွင် YBS 91 ယာဉ် အပါအဝင် ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာရ
Published 20 February 2018

YBS 91 ယာဉ်အပါအဝင် ယာဉ်သုံးစီးဆင့်တိုက်မှု ဖြစ်ပွားပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ-ပုလဲအရန်မီးသတ်)

ရန်ကုန်တိုင်းဒေသကြီး ပြည်လမ်းမပေါ်တွင် ယာဉ်သုံးစီးဆင့်တိုက်မိမှု ဖေဖော်ဝါရီ ၁၉ ရက် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က ဖြစ်ပွားပြီး ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ် ပြည်လမ်းအတိုင်း ထောက်ကြန့်ဘက်မှ ရန်ကုန်မြို့တွင်းဘက်သို့ မောင်းနှင်လာသည့် ရေသန့်စက်ရုံ ဖယ်ရီ ကြို/ပို့ယာဉ် တစ်စီးသည် ယင်းမြို့နယ် အ.ထ.က(၁)ကျောင်းရှေ့အရောက်တွင် ဘယ်ဘက်သို့ ချိုးကွေ့မောင်းနှင်စဉ် ၎င်းနောက်မှ မောင်းနှင်လာသည့် YBS 91 ယာဉ်က ဝင်ရောက်တိုက်မိခဲ့ကြောင်း သိရသည်။

ထို့နောက် အဆိုပါယာဉ်မှာ လမ်းဘေးတွင် ရပ်တန့်ထားသည့် Filder အမျိုးအစား အငှားယာဉ်အား ထပ်မံတိုက်မိခဲ့ကြောင်း သိရသည်။

“ဖယ်ရီကားက အဲဒီနေရာရောက်တော့ ဘယ်ဘက်ခြမ်းကို ဖြတ်ကွေ့တယ်လို့ ပြောတယ်။ အဲဒီပတ်ဝန်းကျင်က ပြောတာပေါ့နော်။ YBS က နောက်ကမောင်းလာတာ ဖြတ်ကွေ့တော့ YBS ယာဉ်က နောက်ကဝင်တိုက်တယ်။ နောက် လမ်းဘေးမှာ ရပ်ထားတဲ့ Filder ယာဉ်ကို ထပ်ပြီးတိုက်မိတယ်။ အစ်ကိုတို့ ရောက်သွားတဲ့အချိန်မှာ ထိခိုက်ဒဏ်ရာရတဲ့လူ နှစ်ယောက်ပဲ မီတော့တယ်။ ကျန်တဲ့လူတွေကတော့ အခြားကူညီရေးအဖွဲ့တွေက ဆေးရုံကို ပို့ဆောင်သွားကြတယ်။ ဒဏ်ရာရတဲ့လူကတော့ အားလုံး ၁၇ ဦးပေါ့။ အဲဒီထဲမှာ သုံးဦးက စိုးရိမ်ရတယ်လို့ ပြောတယ်။ ဒဏ်ရာရတဲ့လူကတော့ YBS ပေါ်က  လူများမယ်ထင်တယ်။ သူက ခရီးသည်တင် လာတာဖြစ်တဲ့အတွက်လေ။ ဘယ်ယာဉ်ပေါ်က ဘယ်နှယောက်လဲဆိုတာတော့ တိတိကျကျမသိသေးဘူး။ ဖြစ်တဲ့အချိန်မှာ ယာဉ် ပေါ်ကလူတွေကလည်း တချို့က ပြေးဆင်းတဲ့လူတွေ ဘာတွေနဲ့ဆိုတော့။ စိုးရိမ်ရတဲ့အထဲမှာ YBS ယာဉ်မောင်းလည်း ပါတယ်။ အမျိုးသမီးတစ်ဦးလည်း ကြားမှာညပ်နေတယ်ပြောတယ်” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ ယာဉ်သုံးစီးတိုက်မိချိန်၌ Filder ယာဉ်ပေါ်တွင် လူရှိမနေဘဲ အခြားယာဉ်နှစ်စီးပေါ်၌ လိုက်ပါလာသည့် အမျိုးသား ၁၀ ဦး နှင့် အမျိုးသမီး ခုနစ်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ပြီး အင်းစိန်ဆေးရုံသို့ တင်ပို့ကုသထားရကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့နှင့် ယာဉ်ထိန်းတပ်ဖွဲ့များက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

 

Most Read

Most Recent