ဝန်ကြီးဌာနများအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည့် PAE နှုန်းထားများထက် ပိုမိုတောင်းခံနေမှုကို ကြပ်မတ်ရန်လိုအပ်နေ

ဝန်ကြီးဌာနများအနေဖြင့် ဆောက်လုပ်ရေး လုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည့် PAE နှုန်းထားများထက် ပိုမိုတောင်းခံနေမှုကို ကြပ်မတ်ရန်လိုအပ်နေ
Published 20 February 2018

ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည့် PAE (Plinth Area Estimate) နှုန်းထားများထက် ပိုမိုတောင်းခံနေမှုများကို ကြပ်မတ်ရန်နှင့် ဝန်ထမ်းလစာ၊ စရိတ်ကုန်ကျခြင်း မရှိသည့် ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း၏ စီမံကိန်းကုန်ကျစရိတ်များ များပြားနေမှုတည့်မတ်ထိန်းကျောင်းရန် လိုအပ်နေကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ  စိစစ်ရေးပူးပေါင်းအဖွဲ့များက အကြံပြုထားသည်။

၂၀၁၈ ခုနှစ် ခြောက်လတာဘတ်ဂျက်အတွက် ပြည်ထောင်စု၏ အရအသုံးခန့်မှန်း ခြေငွေစာရင်းနှင့် ပတ်သက်၍ စိစစ်ရေးပူး ပေါင်းအဖွဲ့ ၁၇ ဖွဲ့၏ အကြံပြုချက်များ ဖော်ပြခဲ့ရာတွင် စိစစ်ရေးပူးပေါင်းအဖွဲ့(၆)က “ မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း (၃၅/၂၀၁၇) တွင် ဖြည့်စွက်ငွေတောင်းခံခြင်းနှင့် စပ်လျဉ်း၍ စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်လျှင်သော်လည်းကောင်း၊ ထပ်မံလိုငွေကို သတ်မှတ်ထားသည့် အချိန်ကာလတွင် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေဖြင့် တောင်းခံနိုင်သည်ဟု ဖော်ပြပါရှိသော်လည်း အချို့တည်ဆောက်ရေး စီမံကိန်းများတွင် မူလတင်ပြပါဒီဇိုင်းများကို များစွာပြုပြင်ပြောင်းလဲခြင်း၊ မူလခွင့်ပြုလုပ်ငန်းများအပြင် အခြားစပ်ဆက်သော လုပ်ငန်းသစ်များ ထပ်တိုးလျာထားခြင်းနှင့် ဘတ်ဂျက်ခွင့်မပြုခင် ကြိုတင်အကောင်အထည်ဖော်ဆောင်ရွက်ထားသည့် ကိစ္စရပ်များ နှင့် စပ်လျဉ်း၍ မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်း မျိုးမဟုတ်ဘဲ ဒီဇိုင်းပြောင်းလဲဆောင်ရွက်ခြင်းကြောင့် ထပ်မံလိုအပ်လာသည့် အသုံးစရိတ်တောင်းခံလာမှုများကို ရှင်းလင်း ပြတ်သားသည့် မူဝါဒတစ်ရပ်ချမှတ်ပြီး ထိန်းကျောင်းတည့်မတ်သင့်ကြောင်း” အကြံပြုခဲ့သည်။

ထို့အပြင် ပြင်ပပုဂ္ဂလိကဆောက်လုပ်ရေး လုပ်ငန်းကုမ္ပဏီများကဲ့သို့  ဝန်ထမ်းစရိတ်၊ လစာ၊ တင်ဒါစရိတ်သည့် Over - Head Cost များ ကျခံသုံးစွဲရခြင်းမရှိသော ပြည်သူ့ ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဘယ့်ကြောင့် စီမံကိန်းကုန်ကျစရိတ် ပိုမိုများ ပြားလျက်ရှိကြောင်းကို စိစစ်တည့်မတ်ထိန်း ကျောင်းသင့်ကြောင်း အကြံပြုခဲ့သည်။

ထို့ပြင် စိစစ်ရေးပူးပေါင်းအဖွဲ့ (၈) မှ လည်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည့် PAE နှုန်းထားများ ထက်ပိုမိုတောင်းခံမှုများကို ဝန်ကြီးဌာနအနေဖြင့် စနစ်တကျ စိစစ်ရန် အကြံပြုထားပြီး စိစစ်ရေးပူးပေါင်းအဖွဲ့ (၉) မှလည်း ဆောက် လုပ်ရေးလုပ်ငန်းများ တင်ပြတောင်းခံရာတွင် စိစစ်ရေးပူးပေါင်းအဖွဲ့များသို့ ဝန်ကြီးဌာနများမှ သက်ဆိုင်သည့် အချက်အလက်များ ပြည့်စုံစွာကြိုတင်ပေးထားရန်နှင့် ဆောက်လုပ်ရေးအသုံးစရိတ်များအား ဈေးကွက်ပေါက်ဈေးများနှင့် အနည်းဆုံးတွက်ချက် တောင်းခံသင့်ကြောင်း အကြံပြုထားသည်။

ဆောက်လုပ်ရေးကုန်ကျစရိတ်များအတွက် ဝန်ကြီးဌာနများက ဘတ်ဂျက်တွင် PAE နှုန်းထားများ တွက်ချက်တောင်းခံရာ၌ မညီမျှမှုများနှင့် တောင်းခံမှုမတူညီမှုများ ရှိနေပြီး ၂၀၁၇-၂၀၁၈ ဘတ်ဂျက်တွင် PAE ကုန်ကျစရိတ်များကို ကျပ် ၄၂၀၀၀ ပတ်လည်မှ ကျပ် ၈၈၀၀၀ ကျော်အထိ တောင်းခံမှုများ ရှိခဲ့သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် အမှန်တကယ်ကုန်ကျမည့် PAE (Plinth Area Estimate) နှုန်းထားများထက် ပိုမိုတောင်းခံနေကြောင်း ဝေဖန်မှုများထွက် ပေါ်ခဲ့သည်။

Most Read

Most Recent