ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် လေ့လာဆန်းစစ်မှုများ စနစ်ကျစေရန် Mckinsey ကုမ္ပဏီက လေ့လာမှုများပြုလုပ်နေဟုဆို

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်ရာတွင် လေ့လာဆန်းစစ်မှုများ စနစ်ကျစေရန် Mckinsey ကုမ္ပဏီက လေ့လာမှုများပြုလုပ်နေဟုဆို
Published 20 February 2018

ရန်ကုန်မြို့သစ်စီမံကိန်းတွင် ပါဝင်သည့် ကြည့်မြင်တိုင်တစ်ဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နေရာတစ်ခုအား တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်နိုင်ရန် လေ့လာဆန်းစစ်မှုများ စနစ်ကျစေရန်အတွက် Mckinsey ကုမ္ပဏီမှ လေ့လာမှုများပြုလုပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

“ကုမ္ပဏီတွေကလည်း သဘောတူတယ်။ အစိုးရကလည်းဆောင်ရွက်သင့်တယ်ဆိုတဲ့အခြေအနေနဲ့ မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲပါတယ်။ ဒါတစ်ချက်ကို ကျွန်တော်တို့တိုင်းဒေသကြီး အခုအစိုးရသစ်က ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီနေရာကို ကျွန်တော်တို့ စီမံကိန်းဆောင်ရွက်စေဖို့အတွက် လေ့လာဆန်းစစ်မှုတွေကို ပိုပြီးစနစ်တကျ ဖြစ်စေဖို့ ဆောင်ရွက်နေပါတယ်။ ဒီဆောင်ရွက်မှုတွေအားလုံးကို ဗြိတိန်နိုင်ငံကနေပြီးတော့ ဒတ်ဖစ်အကူအညီနဲ့ Mckinsey က နေပြီး လေ့လာ ဆန်းစစ်မှုတွေပြုနေတာဖြစ်ပါတယ်။ လေ့လာဆန်းစစ်မှုကို ဘာကြောင့် ကုမ္ပဏီအကြီးကြီးတွေနဲ့လုပ်သလဲဆိုရင် ဒီနေရာမှာဆောင်ရွက်မယ့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ ချေးငွေကို လွယ်လွယ်ကူကူ ရရှိနိုင်ဖို့ဖြစ်ပါတယ်။ ဒီပရောဂျက်ကို ဘယ် အဖွဲ့အစည်းက ရေးဆွဲထားသလဲဆိုတာ တည်ဆောက်ရေးလုပ်မယ့်သူတွေအတွက် အခွင့်အလမ်းတွေကို ဖန်တီးပေးရမှာဖြစ်ပါတယ်။ ဒီနေရာမှာကျွန်တော်တို့က လုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးလိုတဲ့ အဓိကအပိုင်းကတော့ မြို့ပြ စီမံကိန်းတွေကို အခုလိုဆောင်ရွက်နေတဲ့ အစီအစဉ်တွေ ရှိပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ထို့ပြင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း မြို့သစ်စီမံကိန်း ထူထောင်ရန်ရှိကြောင်း၊ ယင်းစီမံကိန်းသည် ပထမအကြိမ်လွှတ်တော်တွင် အတည်ပြုခဲ့သည့်စီမံကိန်းဖြစ်ကြောင်း၊ ပထမအကြိမ်လွှတ်တော်တွင် ဒေါက်တာညိုညိုသင်းကနေ ကန့်ကွက်အဆိုတင်သွင်းခဲ့သဖြင့် လုပ်ငန်းရပ်ဆိုင်းခဲ့ကြောင်း၊ သို့သော် ကြည့်မြင်တိုင်လွှတ်တော်ကိုယ်စားလှယ်က ပြန်အဆိုပြုတင်ပြခဲ့ကြောင်း၊ ယင်းနေရာတွင် နေထိုင်သည့်သူများ မြေဈေးကျဆင်းမှုနှင့် လူနေမှုထိခိုက်သဖြင့် စီမံကိန်းပြန်လည်ပြုလုပ်ပေးရန် တောင်းဆိုသဖြင့် ကြည့်မြင်တိုင် ကိုယ်စားလှယ်မှ ပြန်လည်တင်ပြသဖြင့် ပထမအကြိမ်လွှတ်တော်၌ အတည်ပြုခဲ့ကြောင်း၊ ယင်းစီမံကိန်းသည် ဒုတိယအကြိမ် လွှတ်တော်က ဆောင်ရွက်ထားခြင်း မဟုတ်ကြောင်း၊ ပထမအကြိမ်လွှတ်တော်က အတည်ပြုထားသည့်အဆိုကို တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ ပို့ခဲ့ကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ဆုံးဖြတ်ချက်နှင့် ပြည်ထောင်စုကိုတင်ပြခဲ့ကြောင်း၊ စီမံကိန်းသည်ပြည်ထဲရေးကို တင်ပြရမဲ့ အရာဖြစ်ကြောင်း၊ ယင်းနေရာတွင် မြို့ပြလုပ်မည်ဆိုပါက လုံခြုံရေးနှင့် အေးချမ်းရေးကော်မတီ၊ စီးပွားရေးကော်မတီ သို့တွင် အတည်ပြုပြီး မြေသိမ်းမိန့်ထုတ်ရမှာ ဖြစ်ပြီး၊ မြေလျော်ကြေးပေးရန်ဆောင်ရွက်ရမည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။

“ဒီအဆင့်ကိုရောက်နေတဲ့အချိန်ဟာ ၂၀၁၆ ခုနှစ် မတ်လလောက်မှာ တင်ဒါခေါ် ယူခဲ့ပါတယ်။ ကုမ္ပဏီသုံးခု တင်ဒါအောင်မြင်ခဲ့ပါတယ်။ ကုမ္ပဏီသုံးခုကလည်း တစ်ခုကို ကျပ်ငွေ သိန်းငါးသောင်းလောက်တင်ပြီး ဒီတင်ဒါကိုဆွဲခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအဖွဲ့တာဝန်ယူတဲ့အချိန်မှာ ကုမ္ပဏီသုံးခုက တင်ဒါအောင်ပြီး ဒီနေရာကို  Develop လုပ်ဖို့ ဒီ့အတွက် ဒီနေရာကို ကျွန်တော်တို့ ကစနစ်တကျဖွံ့ဖြိုးတိုးတက်မှုလုပ်မယ်ဆိုရင် အစိုးရဘက်က တာဝန်ယူဆောင်ရွက်သင့်တယ်။ ကုမ္ပဏီတွေကဆောင်ရွက်ရင် အဆင်ပြေ ချောမွေ့မှုမရှိနိုင်ဘူးဆိုတဲ့အတွက် ကုမ္ပဏီသုံးခုကို ကျွန်တော်တို့ ညှိနှိုင်းခဲ့ပါတယ်။ ကုမ္ပဏီသုံးခုလုံးကလည်း သဘောတူခဲ့ပါတယ်။ ဒီကုမ္ပဏီတွေမှာ နစ်နာမှုရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျပ်ငွေ သိန်းငါးသောင်းလောက်ကို Deposit တင်ရတဲ့အ တွက် အတိုးနဲ့တွက်ကြည့်မယ်ဆိုရင် အများကြီးနစ်နာပါတယ်။ ကုမ္ပဏီတွေကလည်း သဘောတူတယ်။ အစိုးရကလည်း ဆောင်ရွက်သင့်တယ်ဆိုတဲ့အခြေအနေနဲ့ မြို့သစ်စီမံကိန်းကို တိုင်းဒေသကြီးအစိုးရရဲ့ စီမံခန့်ခွဲမှုနဲ့ဆောင်ရွက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒါတစ် ချက်ကို ကျွန်တော်တို့ တိုင်းဒေသကြီးအခု အစိုးရသစ်က ဆောင်ရွက်ခဲ့ပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။

မြို့သစ်စီမံကိန်း အကောင်အထည်ဖော်သည့်အခါတွင် အဓိကအားဖြင့် အများပိုင်ကုမ္ပဏီတစ်ခုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအောက်တွင် ဖွဲ့စည်းခဲ့ကြောင်း၊ တစ်ဖက်က ပါဝင်တဲ့အဖွဲ့သည် ၁၉၉၆ ခုနှစ်တွင် စဖွဲ့ခဲ့သည့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် ၃၀၀၀ ကျော် ရှိသည့် မြန်မာ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) ၏ စီးပွားရေးလုပ်ငန်း MCDP (Myanmar Construction Development Public Co.,Ltd) ဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးသည်။ MCDP နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ပူးပေါင်းပြီး အများပိုင်ကုမ္ပဏီ  Myanmar Metropolitan Public Co., Ltd ထပ်မံဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၇ ခုနှစ် မတ်  ၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့် စတင်ဖွဲ့စည်းခဲ့ကာ ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ၅၁ ရာခိုင်နှုန်း၊ MCDB ကတော့ ၄၉ ရာခိုင်နှုန်းပါကြောင်း ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့တွင် ရှင်းလင်းဆွေးနွေးခဲ့သည်။

Most Read

Most Recent