ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်းအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်မည်

ကလေးအလုပ်သမား ပပျောက်ရေးစီမံကိန်းအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် ရေးဆွဲအကောင်အထည်ဖော်မည်
Published 20 February 2018

 

ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားအဆင့်လုပ်ငန်းစီမံချက် National Action Plan ရေးဆွဲကာ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

“မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ရေးဆွဲပြီး အမျိုးသားကော်မတီ၏  ဦးဆောင်လမ်းညွှန်မှုဖြင့် ဆက်လက်ဆောင်ရွက်ရန်ဖြစ်ပါတယ်။ ကလေးအလုပ်သမားများအနေဖြင့် လုပ်ငန်းကဏ္ဍအသီးသီးနှင့် လုပ်ငန်းခွင်အမျိုးမျိုးတို့တွင် ရှိနေပါတယ်။  ဒီလိုကလေးအလုပ်သမားပပျောက်ရေးလုပ် ငန်းစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ ကျွန်တော်တို့ ဝန်ကြီးဌာနတစ်ခုတည်းနဲ့ ဆောင်ရွက်လို့မရဘဲ အားလုံးပါဝင် ဆောင်ရွက်ရမည့် အမျိုးသားရေး တာဝန်တစ်ရပ်ဖြစ်ပါတယ်”ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။

နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန တွင် ဖေဖော်ဝါရီ ၁၉ ရက်က ပြုလုပ်သော မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်အရာ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံ၏ ၁၈ နှစ်အောက် ကလေးဦးရေသည် စုစုပေါင်း ၁၈ သန်းကျော်ရှိပြီး ၂၀၁၇ ခုနှစ် ပထမသုံးလ ပတ်အလုပ်သမားအင်အား စစ်တမ်းများအရ ၅ နှစ်မှ ၁၇ နှစ်အတွင်း ကလေးဦးရေ စုစုပေါင်း ၁၂ သန်းကျော်မှာ ကလေးအလုပ်သ မားဦးရေ ငါးရာခိုင်နှုန်း၊ အန္တရာယ်ရှိသော လုပ်ငန်းခွင်များတွင် အလုပ်လုပ်နေရသည့် ကလေးအလုပ်သမား ၄ ဒသမ ၉ ရာခိုင်နှုန်း ပါဝင်နေသောကြောင့် ကလေးအလုပ်သမား ပြဿနာသည် မြန်မာနိုင်ငံအတွက် အရေးကြီးသည့် စိန်ခေါ်မှုတစ်ရပ်အဖြစ်တည်ရှိနေကြောင်း၊ ကလေးအလုပ်သမားပပျောက်ရေး ကိစ္စသည် နိုင်ငံတော်၏အနာဂတ်အတွက် မဖြစ်မနေ ဆောင်ရွက်ရမည့်ကိစ္စတစ်ရပ်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

ကလေးအလုပ်သမားဖြစ်ရသည့် အကြောင်းရင်း မြောက်မြားစွာရှိသည့်အနက် ဆင်းရဲနွမ်းပါးမှုနှင့် အသိဉာဏ်ပညာအား နည်းမှုတို့သည် အဓိကကျကြောင်း၊ ကလေးအလုပ်သမားများကို လုပ်ငန်းခွင်မှ ရှာဖွေ ဖော်ထုတ်ဖယ်ရှားပစ်ရုံဖြင့် ကလေးအလုပ်သမားပပျောက်မည်မဟုတ်ကြောင်း၊ ပြည်သူများအကြား အသိပညာမြှင့်တင်ခြင်း၊ ကလေးအလုပ်သမားများအား ရှာဖွေဖော်ထုတ်ဖယ်ရှားပြီး ပြန်လည်ပြုစုပျိုးထောင်ပေးခြင်း၊ အခမဲ့ အခြေခံပညာရေးစနစ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ကြားစေခြင်း၊ လုပ်ငန်းခွင်ဝင်ရောက်ခွင့်ပြုသည့် အသက်အရွယ်တွင် ကလေး၏ ဝါသနာပါရာ အသက်မွေးဝမ်းကြောင်းပညာများ သင်ကြားပေးခြင်းတို့ကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“လုပ်ငန်းခွင်မှ ဖယ်ရှားခံရသည့် ကလေး အလုပ်သမား၏ မိသားစုအသိုင်းအဝိုင်းအား  လိုအပ်ပါက တိုက်ရိုက်ထောက်ပံ့အကူအညီများ ဆောင်ရွက်ပေးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ကလေးအလုပ်သမားကိစ္စရပ်များနှင့်ပတ်သက်၍ စဉ်ဆက်မပြတ်စောင့်ကြည့်လေ့လာခြင်း၊ ပြည်တွင်းဥပဒေများနှင့် တရားစီရင်ရေးစနစ် ခိုင်မာအားကောင်းလာစေခြင်း စသည်တို့ကို အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား INGOs NGOs များ၊ သက်ဆိုင်ရာကလေးမိဘများ နှင့် ပြည်သူတစ်ရပ်လုံးက ဟန်ချက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်”  ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြော ကြားသည်။

၁၉၅၁ ခုနှစ် အလုပ်ရုံများဥပဒေတွင် မည်သည့်လူငယ်ကိုမျှ ဘေးအန္တရာယ်ရှိစေသော၊ ကျန်းမာရေးကိုထိခိုက်စေသော၊ ပညာသင်ကြားနိုင်သည့်အခွင့်အရေးကို အနှောင့်အယှက်ဖြစ်စေသော၊ စာရိတ္တနှင့် ဂုဏ်သိက္ခာကို ထိခိုက်စေသောနည်းလမ်းများဖြင့် အလုပ်ခိုင်းစေခြင်းမပြုရန်ဟူသော ပြဋ္ဌာန်းချက်ကို ဖြည့်စွက်ပြဋ္ဌာန်းခဲ့ကြောင်း၊ အလုပ် စတင် ဝင်ရောက်လုပ်ကိုင်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်ကိုလည်း ၁၃ နှစ်မှ ၁၄ နှစ်သို့ ပြင်ဆင်ပြဋ္ဌာန်းထားကြောင်း၊ အသစ်ရေးဆွဲပြဋ္ဌာန်းသည့် ၂၀၁၆ ခုနှစ် ဆိုင်များနှင့် အလုပ်ဌာနများဥပဒေတွင်လည်း အလုပ်စတင်ဝင်ရောက်နိုင်သည့် အနိမ့်ဆုံးအသက်အရွယ်ကို ၁၄ နှစ် ပြဋ္ဌာန်းပေးခဲ့ပြီး ၁၈ နှစ်မပြည့် သေးသည့် မည်သည့်အလုပ်သမားကိုမျှ အန္တရာယ်ရှိသည်ဟု သတ်မှတ်ထားသော လုပ်ငန်းခွင်များတွင် အလုပ်မလုပ်စေရဟု ပြဋ္ဌာန်းပေးထားကြောင်း သိရသည်။

Most Read

Most Recent