အငှားယာဉ်အသုံးပြု၍ ရန်ကုန်မြို့အတွင်း အဝတ်အထည်များ လိုက်လံခိုးယူနေသူတစ်ဦးကို ဖမ်းမိ

အငှားယာဉ်အသုံးပြု၍ ရန်ကုန်မြို့အတွင်း အဝတ်အထည်များ လိုက်လံခိုးယူနေသူတစ်ဦးကို ဖမ်းမိ
Published 20 February 2018

အငှားယာဉ်အသုံးပြု၍ ရန်ကုန်မြို့အတွင်း လှည့်လည်ပြီး အဝတ်အထည်များ လိုက်လံခိုးယူနေသည့် အမျိုးသားတစ်ဦးကို  ဖမ်းဆီးရမိခဲ့ကြောင်း ဖေဖော်ဝါရီ ၁၉ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာတောင်ညွန့်မြို့နယ် သာယာကုန်းရပ်ကွက်တွင် နေထိုင်သည့် ဒေါ်....သည် ဖေဖော်ဝါရီ ၁ ရက် ည ၈ နာရီ ခန့်က ၎င်းနေအိမ်ရှေ့တွင် ကျပ် ၇၄ သိန်းကျော်တန်ဖိုးရှိ အဝတ်အထည်မျိုးစုံ ၁၀၇၀ ထည်အား ဟိုက်ဂျက်ယာဉ်၏နောက်ခန်းတွင် သော့ပိတ်ကာထားခဲ့ကြောင်း၊ ထို့နောက် ဖေ ဖော်ဝါရီ ၂ ရက် နံနက် ၅ နာရီခွဲခန့်တွင် သွားရောက်ကြည့်ရှုရာ အဝတ်အထည်များ ပျောက်ဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း သိရသည်။

ထိုသို့ ပျောက်ဆုံးနေသဖြင့် ဒေါ်... က မင်္ဂလာတောင်ညွန့်မြို့မရဲစခန်းသို့ သွားရောက်တိုင်တန်းခဲ့ရာ ရဲစခန်းက (ပ) ၈၅/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၃၇၉ ဖြင့် အမှုဖွင့်ခဲ့ပြီး ခိုးယူသွားသူကို ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆောင်ရွက်ရာ အခင်းဖြစ်ချိန်တွင် အဆိုပါ အနီးဝန်းကျင်၌  GG/---- Mira အမျိုးအစား အငှားယာဉ်တစ်စီးမှာ အကြိမ်များစွာ သွားလာနေသည်ကို စိစစ်တွေ့ရှိခဲ့သဖြင့် စုံစမ်းရာ ယာဉ်မောင်းဖြစ်သူမှာ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နေထိုင်သည့် စိုးရာဇာ (ခ) မိုဟာမက် အဘတ်စ် (၃၂ နှစ်) ဆိုသူဖြစ်သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့ပြီး ၎င်းကို ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ရုံလမ်းပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။ “ဖမ်းဆီးစစ်ဆေးတော့ ဒီအမှုကို သူကျူးလွန်ခဲ့တယ်လို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ သူအသုံးပြုခဲ့တဲ့ အငှားယာဉ်ကလည်း တစ်နေ့ကို တစ်သောင်းနဲ့ ငှားထားတာလို့သိရတယ်။ နောက်ဆက်စစ်တဲ့အခါမှာ အဲဒီနည်းတူပဲ ခိုးမှု နောက်ထပ်နှစ်မှုထပ်ပေါ်တယ်” ဟု အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ဖမ်းဆီးရမိသူအား စစ်ဆေးရာ ၎င်းသည် ဖေဖော်ဝါရီလအတွင်းက မြောက်ဥက္ကလာပမြို့နယ် သုဓမ္မာလမ်းမကြီးနံဘေးတွင် ရပ်တန့်ထားသည့် ယာဉ်တစ်စီးပေါ်မှ အထည်များအားလည်းကောင်း၊ အဆိုပါလအတွင်း၌ပင် မင်္ဂလာတောင်ညွန့်မြို့နယ် အလံပြဘုရားလမ်းအနီး၌ ၎င်းယာဉ်အား ငှားရမ်းစီး နင်းသည့် အမျိုးသမီးမှာ ယာဉ်ပေါ်သို့ ဆေးမှုန့်အထုပ်များတင်ဆောင်ခဲ့ပြီး ကျန်ရှိနေသည့်ပစ္စည်းများ ဆက်လက်တင်ဆောင်ရန် သွားရောက်ယူဆောင်နေစဉ် ယာဉ်အား မောင်းနှင်ထွက်ပြေးခဲ့သည်ဟု စစ်ဆေးပေါ်ပေါက်ခဲ့သည်။ ထိုသို့ ပေါ်ပေါက်ချက်များအရ ၎င်းခိုးယူသွားသည့်ပစ္စည်းများကို ပြန်လည်သိမ်း ဆည်းနိုင်ခဲ့ကာ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုများ ရေးဖွင့်ကာ အရေးယူမည်ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent