ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အကျင့်ပျက်မှုဖြစ်ပွားခဲ့သည့် ရဲအရာရှိနှစ်ဦးနှင့် အမှုထမ်း ၁၆ ဦး စုစုပေါင်း ၁၈ ဦးတို့အား အရေးယူ

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနှင့်စပ်လျဉ်း၍ အကျင့်ပျက်မှုဖြစ်ပွားခဲ့သည့် ရဲအရာရှိနှစ်ဦးနှင့် အမှုထမ်း ၁၆ ဦး စုစုပေါင်း ၁၈ ဦးတို့အား အရေးယူ
Published 20 February 2018

ရခိုင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းနှင့် စပ်လျဉ်း၍ အကျင့် ပျက်မှုဖြစ်ပွားခဲ့သည့် ရဲအရာရှိ နှစ်ဦးနှင့် အမှုထမ်း ၁၆ ဦးစုစုပေါင်း ၁၈ ဦးတို့ကို အရေးယူ ဆောင်ရွက်မှု ပြုလုပ်နိုင်ခဲ့ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ်  အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ ပြည်သူသို့ အစီရင်ခံစာအရသိရသည်။

ထို့အပြင် ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၂ ရက်အထိ အမှုပေါင်း ၁၃၈ မှုနှင့် တရားခံ ၁၉၁ ဦး တို့ကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်နိုင်ခဲ့ပြီး စုစုပေါင်း မူးယစ်ဆေးဝါး-တန်ဖိုး ငွေကျပ် ကျပ်သန်းပေါင်း ၆၅ သန်းကို ဖမ်းဆီးနိုင်ခဲ့ ကြောင်းလည်း အစီရင်ခံစာတွင်ပါရှိသည်။

အလားတူ မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျစေရေးအတွက် ပြည်သူလူထု အသိပညာပေးဟောပြောမှု ၄၄၁ ကြိမ်၊ ကျောင်းသား၊ ပြည်သူလူထု ၂၁၆၉၇ ဦးအား ဟောပြောနိုင်ခဲ့ပြီး  မူးယစ်ဆေးဝါးအန္တရာယ် လျော့ကျစေရေးနှင့်မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးတို့အတွက် ရခိုင်ပြည်နယ်အတွင်း စေတနာ့ဝန်ထမ်း မူးယစ်ကြီးကြပ်ရေးမှူး သင်တန်းနှစ်ကြိမ် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မောင်တောခရိုင်ရဲတပ်ဖွဲ့အနေဖြင့် ၂၀၁၇ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ ၂၀ ရက်အထိ ၁၀ လတာကာလအတွင်း မူးယစ်ဆေးဝါး အမှုပေါင်း ၂၁ မှုဖမ်းဆီးခဲ့ပြီး တရားခံ ၃၂ ဦး ဖမ်းဆီးရမိခဲ့ကြောင်းနှင့် တန်ဖိုးငွေ ကျပ် သိန်းပေါင်းတစ်သိန်းကျော်ဖိုး မူးယစ် ဆေးဝါး သိန်းပေါင်း ၅၃ သိန်းကျော်ကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်းလည်း သိရသည်။

ထို့အပြင် မောင်တောခရိုင်အတွင်း  ၂၀၁၇ ခုနှစ် နိုဝင်ဘာလတစ်လတည်းတွင်  ငွေကျပ်သိန်းကိုးသောင်းကျော်ဖိုးရှိ  စိတ်ကြွရူးသွပ်ဆေးပြားပေါင်း ငါးသိန်းနီးပါး ဖမ်းဆီးရမိခဲ့ကြောင်း  မောင်တောခရိုင်ရဲတပ်ဖွဲ့မှ သိရသည်။

မောင်တောဒေသ အကြမ်းဖက်ဖြစ်စဉ် ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးတင်းတင်းကျပ်ကျပ်  ဆောင်ရွက်နေသည့်ကြားမှ မူးယစ် ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးသူများ အတင့်ရဲ လုပ်ဆောင်လာခြင်းဖြစ်ကြောင်းလည်း သိရသည်။

မောင်တောမြို့နယ်အတွင်း ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ဒုတိယအပတ် ငါးရက်အတွင်း စိတ်ကြွရူးသွပ်ဆေးပြား ၆၇၀၇၄၀ ပြား ဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

Most Read

Most Recent