ယခုနှစ်မန္တလေးသြင်္ကန်ပွဲတော်တွင် လမ်းလျှောက်သြင်္ကန်သာမက အညာကျေးလက်ရသကို ညပိုင်းအချိန်တွင် ခံစားနိုင်ရန် 'တောသြင်္ကန်' အား ကျုံးအရှေ့ဘက်တွင် တိုးချဲ့ကျင်းပမည်

ယခုနှစ်မန္တလေးသြင်္ကန်ပွဲတော်တွင် လမ်းလျှောက်သြင်္ကန်သာမက အညာကျေးလက်ရသကို ညပိုင်းအချိန်တွင် ခံစားနိုင်ရန် 'တောသြင်္ကန်' အား ကျုံးအရှေ့ဘက်တွင် တိုးချဲ့ကျင်းပမည်
Published 20 February 2018

ယမန်နှစ် မန္တလေးသြင်္ကန်တွင် လည်ပတ်သူများဖြင့် စည်ကားနေစဉ်

ယခုနှစ် မန္တလေးသြင်္ကန်ပွဲတော်တွင် လမ်းလျှောက်သြင်္ကန်သာမက အညာကျေးလက် ရသအသွင်ပုံဖော်မည့် တောသြင်္ကန်ညဈေးကိုပါ ကျုံးအရှေ့ဘက် ( ၆၆ လမ်း၊ ၁၉ လမ်းနှင့် ၂၄ လမ်းကြား) တွင် တိုးချဲ့ကျင်းပမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။

နိုင်ငံခြားသား ဧည့်သည်များအတွက်ပါ ရည်ရွယ်ပြီး အကောင်အထည်ဖော်မည့် အဆိုပါ တောသြင်္ကန်သည် ကျေးလက်ဘုရားပွဲ ဈေးကဲ့သို့ မြန်မာ့ရိုးရာမုန့်များကို ရောင်းချမည်ဖြစ်ကာ ရှေးဟောင်း ရုပ်ရှင်များကို ပိတ်ကား ထောင်ပြသသွားမည်ဟု သိရသည်။

စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဆန်းမြင့်က “အညာကျေးလက်က ဘုရားပွဲဈေးအရသာလေးကို နိုင်ငံခြားသားတွေ ခံစားစေချင်သလို ပြည်တွင်းက သူတွေအတွက်လည်း သြင်္ကန်ကညဆိုရင် လည်စရာမရှိတော့ဘူး။ ဒါကြောင့် ခုလို တောသြင်္ကန် ညဈေးလေး အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်ပြီး ရှေးဟောင်း ရုပ်ရှင်တွေကို ပိတ်ကားထောင်နဲ့ ပြသသွားမှာပါ။ ရုပ်သေးကပြမှုတွေအပြင် အခြားဖျော်ဖြေရေးတွေကိုပါ ထည့်သွင်းကျင်းပသွားဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ ည ၇ နာရီက စတင် ဖျော်ဖြေရေး အစီအစဉ်တွေ စတင်ကျင်းပမှာပါ”ဟု ရှင်းပြခဲ့သည်။

ရုပ်ရှင်ပိတ်ကားထောင်ဖြင့် ပြသရန်အတွက် ရီမြင့်ရုပ်ရှင်ထုတ်လုပ်ရေးမှ တာဝန်ယူထားသလို တောသြင်္ကန်ညဈေးတွင် ရောင်းချမည့် အစားအသောက်များ သန့်ရှင်းစေရန်၊ ကျန်းမာရေးနှင့် ကိုက်ညီစေရန်အတွက် စားသောက်ဆိုင်လုပ်ငန်းရှင်များအသင်းကို အကူအညီ တောင်းခံမည်ဟု သိရသည်။

အဆိုပါတောသြင်္ကန် ညဈေးကျင်းပမည့် ၆၆ လမ်း၊ ၁၉ လမ်းနှင့်၂၄ လမ်းကြားကို မဏ္ဍပ်တည်ဆောက်ခွင့်ပြုတော့မည် မဟုတ်ဘဲ ၁၉ လမ်းမြောက်ဘက်မှသာ မဏ္ဍပ်များ တည်ဆောက်ခွင့်ပြုမည်ဟု သိရသည်။

ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် သြင်္ကန်တွင် လမ်းလျှောက်သြင်္ကန်အဖြစ် တောင်ဘက်ကျုံး (၂၆ ဘီလမ်း) ပေါ်တွင် ဖျော်ဖြေရေး မပါဝင်သည့် ရေပက်မဏ္ဍပ်ငယ်  ၃၂ ခု၊ တိုင်းရင်းသား ရိုးရာအကများ၊ စတုဒိသာကျွေးမွေးသည့် မဏ္ဍပ်ငယ်များ စသည်တို့ဖြင့် ကျင်းပခဲ့ရာ မန္တလေးကျုံးဘေး လမ်းလျှောက်သြင်္ကန်သည် အောင်မြင်စည်ကားခဲ့ပြီး ပြည်တွင်းပြည်ပ ဧည့်သည်အများအပြား လာရောက်ဆင်နွှဲခဲ့ကြသည်။

ထို့ကြောင့် ယခုနှစ်တွင်လည်း တောင်ဘက်ကျုံးလမ်းလျှောက်သြင်္ကန်ကို ယခင်နှစ် အတိုင်း မပျက်ကျင်းပမည်ဖြစ်ကာ အရှေ့ကျုံး (၆၆ လမ်း၊ ၁၉ လမ်းနှင့်၂၄ လမ်းကြား)တွင် တောသြင်္ကန်ကို ထပ်တိုးကျင်းပမည်ဖြစ်သည်။

၂၀၁၇ ခုနှစ်သြင်္ကန်မှ စတင်ကာ မန္တလေးကျုံးဘေးတစ်လျှောက် ဖျော်ဖြေရေးမဏ္ဍပ်များ တည်ဆောက်ခွင့်ကို သိသိသာသာ လျှော့ချခဲ့ပြီး လူတန်းစားမရွေး အလွှာပေါင်းစုံ ပါဝင်ဆင်နွှဲနိုင်ရန် ရည်ရွယ်ကာ တောင်ဘက်ကျုံး(၂၆ ဘီလမ်း) တွင် လမ်းလျှောက် သြင်္ကန်ကို စတင် အကောင်ထည်ဖော်ခဲ့ခြင်း ဖြစ်သည်။

 

Most Read

Most Recent