လူသတ်မှု၊ ဓားထောက်လုယက်မှုတို့ဖြင့် အလိုရှိနေသည့် ဝရမ်းပြေးလူမိုက် ဝက်ကလေးအား သပိတ်ကျင်းမြို့နယ်တွင် ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့်နေအိမ်မှ တူမီးသေနတ်နှစ်လက်နှင့် သေနတ်အတိုတစ်လက် ဖမ်းဆီးရမိ

လူသတ်မှု၊ ဓားထောက်လုယက်မှုတို့ဖြင့် အလိုရှိနေသည့် ဝရမ်းပြေးလူမိုက် ဝက်ကလေးအား သပိတ်ကျင်းမြို့နယ်တွင် ဖမ်းဆီးရမိပြီး ၎င်းနေထိုင်သည့်နေအိမ်မှ တူမီးသေနတ်နှစ်လက်နှင့် သေနတ်အတိုတစ်လက် ဖမ်းဆီးရမိ
Published 12 August 2017

လူသတ်မှု၊ ဓားထောက်လုယက်မှုတို့ဖြင့် အလိုရှိနေသည့် ဝရမ်းပြေးလူမိုက် ဝက်ကလေးကို သပိတ်ကျင်းမြို့နယ်တွင် ဖမ်းဆီးရမိပြီး ၎င်းနေထိုင်နေသည့်နေအိမ်မှ တူမီးသေနတ်နှစ်လက်နှင့် သေနတ်အတိုတစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါလူမိုက်ဝက်ကလေးအား မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ် တကောင်းနယ်မြေ ပေကုန်းကျေးရွာတွင် သြဂုတ် ၁၂ ရက် နံနက် ၁ နာရီ ၁၅ မိနစ်က ဖမ်းဆီးရမိခဲ့ပြီး ၎င်းခိုလှုံနေသည့်နေအိမ်မှ တူမီးသေနတ်နှစ်လက်နှင့် သေနတ်အတိုတစ်လက် ထပ်မံဖမ်းဆီးရမိကြောင်း၊ လက်ရှိတွင် တကောင်းနယ်မြေရဲစခန်း၌ ဖမ်းဆီးချုပ်နှောင်ထားကြောင်း ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“မိတာကတော့ မန္တလေးတိုင်းနယ်စပ်နဲ့ ကချင်ပြည်နယ်ကြားထဲက ပေကုန်းဆိုတဲ့ရွာမှာမိတယ်။ ဖမ်းဆီးတာကတော့ ကျွန်တော်တို့ဆီက အရာရှိတွေနဲ့ နယ်မြေခံရဲတပ်ဖွဲ့တွေ ပူးပေါင်းဆောင်ရွက်တယ်ပေါ့။ သတင်းရယူပြီးတော့ ဝင်ရောက်ဖမ်းဆီးတာပါ။ ဖမ်းတဲ့အချိန်မှာလည်း သူခိုနေတဲ့အိမ်မှာက တူမီးသေနတ်နှစ်လက်၊ သေနတ်အတိုတစ်လက် ထပ်မိတယ်။ အိမ်ရှင်ကိုပါဖမ်းထားတယ်။ သေနတ်တွေက ဝက်ကလေးနဲ့ ဆိုင်လားမဆိုင်ဘူးလားဆိုတာတော့ ထပ်မံစုံစမ်းရဦးမယ်။ အခုလောလောဆယ်မှာတော့ သူ့ကိုပြည်မှာကျူးလွန်သွားတဲ့ လူသတ်မှုတစ်မှု၊ ဓားထောက်လုယက်မှုတစ်မှုနဲ့ ပြည်မြို့ကိုလွှဲပြောင်းပြီး အမှုဖွင့်အရေးယူမှာပါ။ သေနတ်ကိစ္စက သူနဲ့မပတ်သက်ရင်တော့ နယ်မြေရဲစခန်းက ထပ်ပြီးစုံစမ်းအမှုဖွင့်ပါလိမ့်မယ်။ အခုကတော့ ပြည်ကိုလည်းမလွှဲရသေးဘူးဆိုတော့ အတိအကျအသေးစိတ် မပြောနိုင်သေးဘူး။ ရောက်လာတဲ့အခါကျတော့ အသေးစိတ်ကို မီဒီယာတွေကို ရှင်းလင်းပြောကြားပေးသွားမှာပါ” ဟု ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးအဖြစ် ယာယီတာဝန်ထမ်းဆောင်နေသည့် ဒုတိယရဲမှူးကြီး ဇော်မင်းအောင်က ပြောကြားသည်။

အဆိုပါလူမိုက်ဝက်ကလေးအား ၂၀၁၇ ခုနှစ်က ပြည်မြို့ရွိုင်ရယ်စတား KTV စင်တင်စားသောက်ဆိုင်တွင် လူသတ်မှုဖြင့် ပြည်မြို့မအမှတ် (၂) ရဲစခန်းတွင် ပုဒ်မ ၃၀၂ ဖြင့်တစ်မှု၊ ၂၀၁၇ ခုနှစ် မေ ၁၁ ရက်တွင် တရုတ်တန်းလမ်း အင်တာနက်ဆိုင်တွင် ဓားထောက်ငွေများ အနုကြမ်းစီးမှုအတွက် ဝက်ကလေးပါနှစ်ဦးအား ပြည်အမှတ် (၁) ရဲစခန်းက (ပ) ၆၈၂/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၈၆ ဖြင့်အမှုဖွင့်ထားပြီး အလိုရှိနေသူတစ်ဦးလည်းဖြစ်သည်။

Writer - ဝေလင်း (ပြည်)

Most Read

Most Recent