ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိ
Published 19 February 2018

ကွတ်ခိုင်မြို့နယ် လွယ်ခန်ကျေးရွာအနီးဝန်းကျင်မှ ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသောပစ္စည်းများအား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

ကွတ်ခိုင်မြို့နယ်အတွင်း ငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများ ဖော်ထုတ်သိမ်းဆည်းရမိကြောင်း ဖေဖော်ဝါရီ ၁၈ ရက်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီးပတ် ဝန်းကျင်တစ်ဝိုက်၌ မူးယစ်ဆေးဝါးများ ထုတ်လုပ်နေမှုရှိကြောင်း ဆက်စပ်သတင်းများ ဖော်ထုတ်ချက်အရ တပ်မတော်စစ်ကြောင်းများနှင့် ကွတ်ခိုင်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် ဖေဖော်ဝါရီ ၁၅ ရက်မှစတင်၍ နယ်မြေဖြန့်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။

ထိုသို့ ဖြန့်ခွဲရှင်းလင်းခဲ့ရာ ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ လွယ်ခန်ကျေးရွာ၏ အရှေ့မြောက်ဘက် မီတာ ၂၀၀၀ ခန့်အကွာရှိနေရာ လေးနေရာမှ မူးယစ်ဆေးဝါးချက်လုပ် သည့် ယာယီအဆောက်အအုံ ၃၄ လုံး၊ မီးစက်ကြီး ၁၂ လုံး၊ FREEZER ၂၂ လုံး၊ အက်စစ်ပီပါ အလုံး ၂၁၀၊ ဒီဇယ်ပီပါ ၁၆၅ လုံး၊ ဓာတ်ဆီပီပါအလုံး ၆၀၊ ပေါင်းအိုး ၃၂ လုံး၊ အက်စစ်ပုလင်း ၂၀၀၊ နှစ်လီတာဆံ့အက်စစ်ဘူး ၆၀၀၊ ကော့စတစ်ဆိုဒါအိတ် ၇၅၀၊ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပုံး ၁၅၀၊ စိတ်ကြွရူးသွပ် ဆေးပြား ၄၈၇၁၀၀၊ စိတ်ကြွရူးသွပ်ဆေးမှုန့် ၁၃ ကီလိုဂရမ်၊ ဘိန်းညို ၄၃ ကီလိုဂရမ်၊ ကဖင်း ၁၀၀၃၀ ကီလိုဂရမ်၊ အဖက်ဒရင်း/ဆူဒိုအဖက်ဒရင်း ၁၃၇၅ ကီလိုဂရမ် ICE ၂၅၉ ကီလိုဂရမ်၊ ဘိန်းဖြူ ၁၂၀ ကီလိုဂရမ်နှင့် ဆက်စပ်ပစ္စည်း ၂၃ မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၉၉၆၀၀ ကျော်) တို့အား ရှာဖွေဖော်ထုတ် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ယခင်က မူးယစ်ဆေးဝါး ဖမ်းဆီးရမိသည့်ဖြစ်စဉ်များမှ ဆက်စပ်တရားခံများအား စစ်ဆေးမေးမြန်းချက်များအပေါ် စုစည်းသုံးသပ်၍ ယခုကဲ့သို့ ကွတ်ခိုင်မြို့နယ်၊ လွယ်ခန်ကျေးရွာအနီး ပတ်ဝန်းကျင်တစ်ဝိုက်မှ မူးယစ်ဆေးဝါးများ ချက်လုပ်ဖွယ်ရှိသည့် ဖြစ်နိုင်ခြေနေရာများကို တပ်မတော်စစ်ကြောင်းများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပါဝင်သော ပူးပေါင်းအဖွဲ့က ရှာဖွေဖော်ထုတ်ရာမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ နေရာနှင့် အနီးပတ်ဝန်းကျင် တစ်ဝိုက်အား ပူးပေါင်းအဖွဲ့များက ဆက်လက်ရှာဖွေ ရှင်းလင်းလျက်ရှိပြီး သိမ်းဆည်းရမိသော မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများအား ကွတ်ခိုင်မြို့ရှိ မူးယစ်တပ်ဖွဲ့သို့ စနစ်တကျ လွှဲပြောင်းအပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent