ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်နှစ်စီးတိုက်မိရာမှ ကျန်းမာရေးကြီးကြပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရ

ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ယာဉ်နှစ်စီးတိုက်မိရာမှ ကျန်းမာရေးကြီးကြပ်ဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးကာ ၁၄ ဦး ဒဏ်ရာရ
Published 19 February 2018

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် တာဝန်ရှိသူများ လာရောက်စစ်ဆေးနေသည်ကို တွေ့ရစဉ်

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ၂၈၉ မိုင်အနီးတွင် ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်းက ရှေ့မှမောင်းနှင်နေသောယာဉ်အား နောက်မှမောင်းနှင်လာသော ယာဉ်က ဝင်တိုက်မိပြီး ရှေ့ယာဉ်ပေါ်ပါခရီးသည်များအနက် ဘုတလင်မြို့နယ် ကျန်းမာရေးကြီးကြပ် (၂) ဝန်ထမ်းအမျိုးသမီးတစ်ဦး သေဆုံးကာ ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သီးကုန်းအမြန်လမ်းရဲစခန်းမှ သိရသည်။

“ဖြစ်စဉ်က ရှေ့ကကားကိုနောက်ကကားက ဝင်တိုက်တယ်။ ဒဏ်ရာ ၁၄ ဦးရတယ်။ တစ်ဦးသေဆုံးတယ်။ တချို့က ဆေးရုံတက်ရတယ်။ တချို့က ပြန်ဆင်းတဲ့သူရှိတယ်။ အရေအတွက်တော့ အတိအကျ မသိရသေးဘူး။ တချို့က ဒါရိုက်ပြန်သွားတဲ့လူတွေ ရှိတယ်ဗျ” ဟု သီးကုန်းအမြန်လမ်းမကြီးရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က မိတ္ထီလာမြို့နယ် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းအပိုင် အမြန်လမ်းမကြီးပေါ်တွင် မန္တလေးဘက်မှ နေပြည်တော်ဘက်သို့ ယာဉ်မောင်းမျိုးမြင့်ဦး ၂၂ နှစ် (ဘ) ဦးလီဖိုးစိန်၊ မဟာစိန်လမ်း၊ လှိုင်မြို့နယ်နေသူတစ်ဦးတည်း မောင်းနှင်လာသော ယာဉ်အမှတ် 2H/------ MITSUBISHI RVR မီးခိုးရောင် မော်တော်ယာဉ်မှာ အမြန်လမ်းမိုင်တိုင်အမှတ် ၂၈၉ မိုင် ခုနစ်ဖာလုံနှင့် ရှစ်ဖာလုံအကြားသို့အရောက် အရှိန်မထိန်းနိုင်ဘဲ ရှေ့မှယာဉ်မောင်း ဦးဝင်းနိုင် ၄၁ နှစ်၊ ကုန်စည်ဒိုင်လမ်း၊ တောင်ရပ်ကွက်၊ မုံရွာမြို့နေသူ မောင်းနှင်လာသော ယာဉ်အမှတ် 8J/------ နယူးငွေစန္ဒာ HIACE MICROBUS အဖြူရောင်မော်တော်ယာဉ်၏နောက်ပိုင်းအား ဝင်ရောက်တိုက်မိခဲ့ခြင်းဖြစ်သည်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် MITSUBISHI RVR ယာဉ်မှာ လမ်းမ၌ ရပ်တန့်နေခဲ့ပြီး နယူးငွေစန္ဒာ HIACE MICROBUS ယာဉ်မှာ လမ်းလယ်ကျွန်းပေါ်သို့ ကျော်လွန်ရောက်ရှိကာ တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။

နောက်မှဝင်တိုက်သော MITSUBISHI RVR ယာဉ်မောင်းမှာ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိသော်လည်း အတိုက်ခံရသော နယူးငွေစန္ဒာ HIACE MICROBUS ယာဉ်မှ ယာဉ်မောင်းပါ ကျားခုနစ်ဦး မ ၁၀ ဦး၊ စုစုပေါင်း ၁၇ ဦးအနက်ကျားငါးဦး၊ မကိုးဦး၊ စုစုပေါင်း ၁၄ ဦးတို့တွင် ထိခိုက်ဒဏ်ရာ အသီးသီး ရရှိသွားခဲ့ပြီး မမြသက်ဝေလင်း ၂၃ နှစ် (ဘ) ဦးတင်အောင်ကျော်၊ ကျန်းမာရေးကြီးကြပ်(၂)၊ ပြည်သူ့ဆေးရုံဝင်း၊ ဘုတလင်မြို့နယ်နေသူတွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ယာဉ်မတော်တဆမှုဖြစ်စဉ်နှင့် ပတ်သက်ပြီး ယာဉ်အားမဆင်မခြင်ပေါ့ဆစွာ မောင်းနှင်သူ MITSUBISHI RVR ယာဉ်မောင်းမျိုးမြင့်ဦးအပေါ် ဥပဒေအရ အရေးယူပေးရန် ဒုရဲအုပ်မြင့်ကျော်က တရားလိုလုပ် အမှုဖွင့် တိုင်တန်းခဲ့သောကြောင့် သီးကုန်းအမြန်လမ်းမကြီး ရဲစခန်းမှ ယာဉ်(ပ)၇/၂၀၁၈၊ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၇/၃၃၈ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

Most Read

Most Recent