မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကွေ့သည့်ကိစ္စ ကယ်ရီသမားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား

မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကွေ့သည့်ကိစ္စ ကယ်ရီသမားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွား
Published 19 February 2018

ဓားဖြင့်အထိုးခံရသူအား သယ်ဆောင်လာစဉ် (ဓာတ်ပုံ-ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့)

ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဆိုင်ကယ်ကွေ့သည့်ကိစ္စဖြင့် ကယ်ရီသမားချင်း စကားများရန်ဖြစ်ရာမှ လူသတ်မှုဖြစ်ပွားခဲ့ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မင်္ဂလာဒုံမြို့နယ်၊ သင်္ဃန်းကျွန်းကြီးကျေးရွာအုပ်စု၊ ကျောင်းကြီး (၃)လမ်း၊ ညောင်ပင်မှတ်တိုင်အနီးတွင် ဖေဖော်ဝါရီ ၁၇ ရက် ည ၈ နာရီခွဲခန့်က မင်္ဂလာဒုံမြို့နယ်နေ ကို.....(၂၆)နှစ်မောင်းနှင်ပြီး ၎င်း၏မိခင်ဖြစ်သူနောက်မှ စီးနင်းလိုက်ပါလာသည့် ဆိုင်ကယ်သည် အဆိုပါ မှတ်တိုင်အနီး၌ ဆိုင်ကယ်ကိုကွေ့ရာမှ ယင်းအနီးတွင်ရှိသည့် ဆိုင်ကယ်ကယ်ရီသမားနှစ်ဦးနှင့် စကားများ ရန်ဖြစ်ခဲ့ကြောင်း သိရသည်။

ထိုသို့ စကားများရန်ဖြစ်ကြစဉ် အဆိုပါ ကယ်ရီသမားနှစ်ဦးက ကို......(၂၆)နှစ်အား ရိုက်နှက်ကာ ဓားဖြင့်ထိုးခဲ့ပြီး ၎င်း၏မိခင်ဖြစ်သူကိုလည်း တွန်းထိုးခဲ့ကြောင်း သိရသည်။

“ဆိုင်ကယ်က လမ်းထဲကိုကွေ့ဝင်တယ်လို့ပြောတယ်။ ကောင်လေးက ရှေ့ကမောင်းတယ်။ သူ့အမေက နောက်မှာပါတယ်ပေါ့နော်။ အဲဒီကောင်လေးကလည်း ကယ်ရီတွေ ဘာတွေဆွဲတယ်လို့ သိရတယ်။ လမ်းထဲကို ဆိုင်ကယ်ကွေ့ဝင်တဲ့အခါမှာ အဲဒီနားက ကယ်ရီဆွဲတဲ့လူတွေနဲ့ ပြဿနာဖြစ်တယ်လို့ သိရတယ်။ ဖြစ်တော့အဲဒီကောင်လေးရဲ့ပါးကို စရိုက်တယ်လို့ သိရတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်တဲ့သူက ဝင်ပြောတော့ မိခင်ဖြစ်တဲ့ သူကိုလည်း တွန်းလှဲခဲ့တယ်လို့ သိရတယ်။ နောက်ကောင်လေးကို ဓားနဲ့ထိုးလိုက်တယ်ပေါ့။ ဖြစ်ပြီးတဲ့အချိန် နာရီဝက်လောက် အကြာမှာ အစ်ကိုတို့ကို အကြောင်းကြားတာ။ အစ်ကိုတို့ရောက်သွားတော့ အသက်ကငွေ့ငွေ့ပဲ ကျန်တော့တယ်။ အဲဒါနဲ့ ဆေးရုံကိုပို့တော့ လမ်းမှာပဲ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်” ဟု ပုလဲမြို့သစ် အရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ဓားနဲ့အထိုးခံခဲ့ရသဖြင့် ကို....(၂၆)နှစ် မှာ ရင်ဘတ်တွင်ထိုးသွင်းဒဏ်ရာရရှိခဲ့ပြီး မြောက်ဥက္ကလာပဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အား သက်ဆိုင်ရာရဲစခန်းမှ ရာဇသတ်ကြီးပုဒ် မ ၃၀၂ ဖြင့် အမှုဖွင့်ထားပြီး ကျူးလွန်သူကို ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent