မောင်တောသို့ ရောက်ရှိနေသော ဟိန္ဒူ ၅၀၀ နီးပါး နေရပ်ပြန်ခိုင်းခြင်း အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရ

မောင်တောသို့ ရောက်ရှိနေသော ဟိန္ဒူ ၅၀၀ နီးပါး နေရပ်ပြန်ခိုင်းခြင်း အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း သိရ
Published 19 February 2018

စစ်တွေမြို့မှတစ်ဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့သော ဟိန္ဒူဘာသာဝင် ၅၀၀ နီးပါး ယာယီကယ်ဆယ်ရေးစခန်းတွင် နေထိုင်ရသော်လည်း နေရပ်ပြန်ခိုင်းခြင်းများကို ရင်ဆိုင်နေရကြောင်းနှင့် နေရပ်ပြန်ရန် စိုးရိမ်နေရသည့် အခြေအနေကို ရောက်နေကြောင်း သိရှိရသည်။

အဆိုပါ ဟိန္ဒူလူမျိုးများသည် ၂၀၁၇ သြဂုတ်လဖြစ်စဉ်အတွင်း မောင်တောမြို့နယ် အတွင်းမှ စစ်တွေမြို့သို့ နေရပ်စွန့်ခွာထွက်ပြေးလာခဲ့ပြီးနောက် တစ်လကျော်နှစ်လခန့် အကြာတွင် မောင်တောမြို့တွင် ဖွင့်လှစ်ထားသော ယာယီစခန်းသို့ ပြန်လည်သွားရောက် နေထိုင်ကြသော်လည်း ကူညီထောက်ပံ့မှုမရရှိသည့်အပြင် ယခုရက်ပိုင်းအတွင်း အာဏာပိုင်များမှ မိမိနေရပ်သို့ ပြန်ကြရန်တိုက်တွန်း ပြောဆိုခြင်းများ ရှိလာခဲ့သည့်အပြင် ပြောင်းရွှေ့ပေးရန် စီစဉ်ခြင်းကိုလည်း ခံခဲ့ရကြောင်း သိရှိရသည်။

ယင်းနှင့်ပတ်သက်ပြီး စခန်းတာဝန်ခံ ဦးမောင်လှက “ကျွန်တော်တို့ကို မူလနေရပ်ကို ပြန်သွားဖို့ လာပြောတယ်။ ကားပေါ်တင်တယ်။ မြို့အနီးဝန်းကျင်မှာရှိတဲ့ ရွာတွေကို ပြန်ခိုင်းတယ်။ ကျွန်တော်တို့ဘယ်လိုပြန်မလဲ။ လသရွာမှာဆိုရင် ဟိန္ဒူတွေကို ထွက်လို့မရအောင်အထိ ပိတ်ဆို့ခြင်းကို ခံခဲ့ရတယ်။ စစ်တပ်က လာပြီးကယ်ထုတ်လို့ ထွက်လာရတာ။ အခုတစ်ခါ အဲဒီနေရာတွေကို ပြန်သွားခိုင်းတယ်။ လုံခြုံရေးမရှိဘဲ ဘယ်လိုမှ သွားလို့မရဘူး။ ခြိမ်းခြောက်မှုတွေတောင်ရှိတယ်။ ကျွန်တော်တို့ ဟိန္ဒူတွေ အတော်လေး ဒုက္ခရောက်နေပါတယ်” ဟုလည်း ပြောကြားခဲ့သည်။

ဟိန္ဒူများအနေဖြင့် မောင်တောမြောက်ပိုင်း ခမောင်းဆိပ်နှင့် ရဲဘော်ကျကျေးရွာတို့မှ ဟိန္ဒူဘာသာဝင်များ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရသည့်အတွက် စိုးရိမ်ထိတ်လန့်မှုများ ဖြစ်ပေါ်ခဲ့သည့်အပြင် ဘင်္ဂါလီများ အနေဖြင့်လည်း အစိုးရအာဏာပိုင်များနှင့် ပူးပေါင်းသည့် ဟိန္ဒူများအပေါ် ခြိမ်းခြောက်မှုများ ရှိနေကြောင်းနှင့် နေရပ်သို့ ပြန်သွားပါက ဘင်္ဂါလီများ၏ တိုက်ခိုက်မှုကို ခံရနိုင်ဖွယ်ရှိမှုအပေါ် စိုးရိမ်နေကြရကြောင်းလည်း ပြောဆိုကြသည်။

“ကျွန်တော်ပြောဖို့တောင် ကြောက်နေရတယ်။ ကျွန်တော့်ကို ကြိမ်းမောင်းသွားတာကို သိရတယ်။ အာဏာပိုင်တွေက ယာယီတန်းလျားကိုရောက်လာပြီး ခိုလှုံနေသူတွေကို နေရပ်ပြန်ပို့ဖို့ လုပ်ဆောင်ခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်မှမလိုက်ဘူး။ စိုးရိမ်တယ်။ ကျွန်တော့်အနေနဲ့ကလည်း ဘယ်လိုဖြစ်စေချင်တယ် ဆိုတာကိုတောင် မပြောရဲဘူးဖြစ်နေတယ်။ မောင်တောမြို့ ဟိန္ဒူဘာသာရေး ကောင်စီဥက္ကဋ္ဌ ဦးနီမောင်က ပြောကြားခဲ့သည်။

လက်ရှိမောင်တောမြို့ ယာယီစခန်း (တန်းလျား) တွင် နေထိုင်သော ဟိန္ဒူ ၅၀၀ နီးပါးခန့်ရှိနေပြီး ဒေသအာဏာပိုင်များက ပြောင်းရွှေ့မှုများပြုလုပ်ရန် စီစဉ်နေခြင်းအပေါ် စိတ်မကောင်းဖြစ်မိကြောင်းနှင့် လုံခြုံရေးအတွက် အရေးတကြီး အကူအညီ လိုအပ်နေကြောင်း၊ ဘင်္ဂါလီများရှိသည့်နေရာတွင် မနေထိုင်လိုကြောင်း၊ စစ်တွေက ပြန်လာစဉ် ကျေးရွာတည်ဆောက်ပေးမည်ဟု အစိုးရဘက်က ပြောဆိုခဲ့ကြောင်းနှင့် ကူညီပံ့ပိုးမှုများကိုလည်းပေးမည်ဟု ကတိပေးခဲ့သည်များ ရှိခဲ့ကြောင်းလည်း ပြောဆိုကြသည်။

မဖူလ်မော်တီကလည်း “တာဝန်အရ လာပြောတာဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ ရောက်လာတယ်။ နင်တို့ကိုယ့်အိမ်ကို ကိုယ်ပြန်ရမယ်လို့ပြောတယ်။ ကျွန်မကလည်း မပြန်နိုင်ဘူး။ ဘင်္ဂါလီတွေကို ကြောက်ကြတယ်ဆိုတော့ နင်တို့ ဘာလု့ိကြောက်ရတာလဲလို့ ပြောသေးတယ်။ သူတို့ပြောတာကအထက်ကလူကြီးတွေ လွှတ်လိုက်လို့တဲ့။ အခုအချိန်မှာ ကျွန်မတို့ကို အခုလိုမျိုး ဖိအားပေးနေမယ်ဆိုရင် ကျွန်မတို့အနေနဲ့ အိန္ဒိယကို ပြန်သွားရပါလိမ့်မယ်၊ ဘင်္ဂါလီတွေနဲ့အတူနေဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟုလည်း ပြောကြားခဲ့သည်။

Most Read

Most Recent