လက်ရှိအစိုးရလက်ထက်တွင်လည်း ဓမ္မစေတီခေါင်းလောင်းကြီး ထပ်မံဆယ်ယူရန် နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက် တင်ပြမည်ဖြစ်ကြောင်း ဦးစံလင်း သတင်းစာ ရှင်းလင်း

လက်ရှိအစိုးရလက်ထက်တွင်လည်း ဓမ္မစေတီခေါင်းလောင်းကြီး ထပ်မံဆယ်ယူရန် နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက် တင်ပြမည်ဖြစ်ကြောင်း ဦးစံလင်း သတင်းစာ ရှင်းလင်း
Published 19 February 2018

ဓမ္မစေတီခေါင်းလောင်းကြီး ဆယ်ယူမည့်အကြောင်း သတင်းစာ ရှင်းလင်းစဉ်

လက်ရှိအစိုးရလက်ထက်တွင် ဓမ္မစေတီခေါင်းလောင်းကြီးကို ထပ်မံဆယ်ယူရန် နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်တင်ပြမည်ဖြစ်ကြောင်း ဦးစံလင်းက ဖေဖော်ဝါရီ ၁၈ ရက်တွင် ရန်ကုန်မြို့ရှိ Orchid Hotel ၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ဦးစံလင်းက ယခင် ၂၀၁၄ ခုနှစ်အတွင်းက ဓမ္မစေတီခေါင်းလောင်း ဆယ်ယူစဉ်က အလှူငွေ ကျန်ရှိသည့်စာရင်းများကို ရှင်းလင်းခြင်းနှင့် ဆယ်ယူစဉ်က ကြုံတွေ့ရသည့် အခက်အခဲများကို ရှင်းလင်းခဲ့သည်။

ထို့ပြင် ခေါင်းလောင်းကြီးအား ဆယ်ယူရန်အတွက် နိုင်ငံတော်သမ္မတထံ ခွင့်ပြုချက်တောင်းခံမည်ဖြစ်ပြီး ၎င်းအနေဖြင့် ခေါင်းလောင်းဆယ်ယူရန်အတွက် ခွင့်ပြုကြောင်း စာရွက်နှင့် သောင်တူးစက်ယာဉ်သာ လိုအပ်ကြောင်း ပြောကြားသည်။

“ကျွန်တော် လာမယ့်ဗုဒ္ဓဟူးနေ့မှာ တင်ပါမယ်။ ကျွန်တော်ကိုယ်တိုင်သွားတင်လို့မရတော့ စာနဲ့တင်ပါမယ်။ ကျွန်တော်သွားတင်တုန်းကတော့ အောက်က ညွှန်ချုပ်တွေက မတင်ပေးလု့ိလား။ သမ္မတမရှိလို့လား။ သိလို့မချပေးတာလား။ ဘာအခက်အခဲရှိလို့လဲ။ ကျွန်တော် အခုလိုတာက ခွင့်ပြုချက်တစ်စောင်နဲ့ သောင်တူးယာဉ်ပဲ။ သောင်တူးယာဉ်ကိုလည်း သမ္မတက တစ်ခါတည်း ချပေးလိုက်ပါ။ ကျွန်တော် သမ္မတထံကို စာတိုက်ကနေ တိုက်ရိုက်ပို့မှရမယ်။ နေပြည်တော်သွားရင် သူတို့က လက်မခံဘူး” ဟု ဦးစံလင်းက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

NLD အစိုးရတက်လာပြီးနောက် ၂၀၁၆ ခုနှစ်အတွင်းက ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦး ဖြိုးမင်းသိန်းထံ ခေါင်းလောင်းဆယ်ယူရန်အတွက် စာတင်ခဲ့သော်လည်း အစည်းအဝေး ဆုံးဖြတ်ချက်အရ မိုးရာသီဖြစ်သည့် အတွက်ကြောင့် ဆယ်ယူခွင့်ကို မပေးခဲ့ကြောင်း ဦးစံလင်း၏ ပြောကြားချက်အရ သိရသည်။

၂၀၁၄ ခုနှစ်အတွင်းက ဓမ္မစေတီခေါင်းလောင်းတော်ကြီးကို ဦးစံလင်းက ဦးဆောင်၍ ဆယ်ယူရန် ကြိုးပမ်းခဲ့ဖူးသော်လည်း အောင်မြင်ခြင်း မရှိခဲ့ဘဲ ယင်းသို့ ဆယ်ယူရန် လုပ်နေချိန်တွင် အလှူငွေများနှင့်ပတ်သက်ပြီး ဝေဖန်ခံရမှုများ ရှိခဲ့သည်။ လက်ရှိတွင် ဦးစံလင်းထံက ၎င်းထံတွင် အလှူငွေသိန်း ၅၃၀ ကျော်ရှိပြီး ခွင့်ပြုချက်ရရှိပါက ခေါင်းလောင်းတော်ကို ဆယ်ယူမည်ဖြစ်ကြောင်း သိရသည်။

ဦးစံလင်းအနေဖြင့် ရန်ကုန်မြစ်၊ ပဲခူးမြစ်နှင့် ငမိုးရိပ်ချောင်း (ယခုပုဇွန်တောင်ချောင်း) သုံးခွဆုံရာရေပြင်အောက်၌ နစ်မြုပ်ခဲ့သည်ဟုဆိုသော ဓမ္မစေတီခေါင်းလောင်းကြီး ရှာဖွေခြင်းကို ၂၀၁၄ ခုနှစ် သြဂုတ် ၉ ရက်မှ စတင်ရှာဖွေခဲ့သော်လည်း ဆယ်ယူနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

Most Read

Most Recent