ပြည်ပဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့နှင့် အလားတူဘွဲ့ရရှိသူ မြန်မာဆရာဝန်များ၊ ပြည်ပတွင်ဆေးကုသနေသော မြန်မာဆရာဝန်များအတွက် အထွေထွေ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ် စာမေးပွဲ ကျင်းပမည်

ပြည်ပဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့နှင့် အလားတူဘွဲ့ရရှိသူ မြန်မာဆရာဝန်များ၊ ပြည်ပတွင်ဆေးကုသနေသော မြန်မာဆရာဝန်များအတွက် အထွေထွေ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ် စာမေးပွဲ ကျင်းပမည်
Published 19 February 2018

ပြည်ပနိုင်ငံများရှိ ဆေးတက္ကသိုလ်များမှ အခြေခံဆေးပညာဘွဲ့ MBBS နှင့်အလားတူ ဘွဲ့ရရှိထားသူ မြန်မာနိုင်ငံသားဆရာဝန်များနှင့် ပြည်ပနိုင်ငံများတွင် ဆေးကုသမှု လုပ်ငန်းများ ဆောင်ရွက်နေသော မြန်မာနိုင်ငံသားဆရာဝန်များအတွက် အထွေထွေ ဆေးကုသခွင့် လိုင်စင်ထုတ်ပေးရေး အရည်အချင်းစစ် စာမေးပွဲ (Myanmar Medical Licensing Examination MMLE) ကို ၂၀၁၈ ခုနှစ် မေလတွင် ကျင်းပသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆေးကောင်စီမှ သိရသည်။

အဆိုပါ အရည်အချင်းစစ် စာမေးပွဲကို ၂၀၁၈ ခုနှစ် မေလတွင် ကျင်းပသွားမည်ဖြစ်ရာ စာမေးပွဲဝင်ရောက် ဖြေဆိုလိုသူများအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီရုံးသို့ ၂၀၁၈ ခုနှစ် မတ် ၃၀ ရက် ညနေ ၄ နာရီ နောက်ဆုံးထား လျှောက်ထားနိုင်ကြောင်း သိရသည်။

မြန်မာနိုင်ငံဆေးကောင်စီထံ တင်ပြရမည့် အချက်အလက်များကိုလည်း သတ်မှတ်ထားပြီး ယင်းတို့မှာ စာမေးပွဲဖြေဆိုခွင့်လျှောက်လွှာ (မြန်မာနိုင်ငံဆေးကောင်စီရုံးတွင် အခမဲ့ရယူနိုင်ကြောင်း)၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူတစ်စုံ၊ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူတစ်စုံ၊ အလုပ်သင် ဆရာဝန်ပြီးဆုံးကြောင်း ထောက်ခံစာမူရင်းနှင့် မိတ္တူတစ်စုံ၊ အမှတ်စာရင်းမူရင်းနှင့် မိတ္တူတစ်စုံ၊ ပြည်ပနိုင်ငံများတွင် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်နေသူဖြစ်ပါက အဆိုပါ နိုင်ငံများ၏ဆေးကောင်စီ (သို့မဟုတ်) အလားတူ အဖွဲ့အစည်းများမှ ထုတ်ပေးထားသော ဆေးကုသခွင့်လိုင်စင် (သို့မဟုတ်) Certificate of Good Standing မူရင်းနှင့် မိတ္တူတစ်စုံ၊ ပြည်ပနိုင်ငံတွင် နေထိုင်သူဖြစ်ပါက သက်တမ်းရှိ နိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူတစ်စုံ၊ စာမေးပွဲကြေးငွေကျပ် သုံးသိန်းငါးသောင်းတိတိ ပေးသွင်းပြီးကြောင်း ပြေစာနှင့် တစ်လက်မပတ်လည် ရောင်စုံဓာတ်ပုံသုံးပုံ (နောက်ခံအပြာရောင်)တို့ လိုအပ်ကြောင်း သိရသည်။

စာမေးပွဲဖြေဆိုရမည့် မေးခွန်းလွှာတွင် ရေးဖြေမေးခွန်းလွှာ (၁) ဆေးပညာဘာသာရပ်၊ ကလေးကျန်းမာပညာဘာသာရပ်များနှင့် ၎င်းဘာသာရပ်များနှင့် နှီးနွှယ်သော အခြေခံဆေးပညာ ဘာသာရပ်များနှင့် ပတ်သက်သောမေးခွန်းလွှာ၊ ရေးဖြေမေးခွန်းလွှာ (၂) ခွဲစိတ်ကုဘာသာရပ်၊ သားဖွားမီးယပ် ပညာဘာသာရပ်များနှင့် ၎င်းဘာသာရပ်များနှင့်နှီးနွှယ်သော အခြေခံဆေးပညာဘာသာရပ်များနှင့် ပတ်သက်သောမေးခွန်းလွှာ၊ ဆေးလက်တွေ့ဘာသာရပ်၊ ရေးဖြေမေးခွန်းလွှာများကို ဖြေဆိုချိန် သုံးနာရီသတ်မှတ်၍ M.C.Q (Multiple Choice Question) minus system not carried over ပုံစံဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် စာမေးပွဲနှင့် ပတ်သက်သော အသေးစိတ် အချက်အလက်များကို မြန်မာနိုင်ငံဆေးကောင်စီတွင် ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။

Most Read

Most Recent