လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေကြောင်းဖြတ်ကျော် ပျံသန်းခများ အပါအဝင် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းနှင့် ကျပ်သန်း ၁၆၀၀ ကျော် ရရှိထား

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေကြောင်းဖြတ်ကျော် ပျံသန်းခများ အပါအဝင် အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းနှင့် ကျပ်သန်း ၁၆၀၀ ကျော် ရရှိထား
Published 19 February 2018

လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ လေကြောင်းဖြတ်ကျော် ပျံသန်းခများ အပါအဝင် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မကုန်ဆုံးမီ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းနှင့် မြန်မာကျပ်ငွေသန်း ၁၆၀၀ ကျော် ရရှိထားပြီး ယခုဘဏ္ဍာနှစ် လျာထားသည့် ဝင်ငွေထက် ပိုမိုရရှိထားကြောင်း လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သောသတင်းများအရ သိရသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေးနှင့် ညွှန်ကြားမှုဦးစီးဌာန ယခုနှစ် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၌ အမေရိကန်ဒေါ်လာ ၇၇ သန်း ရရှိရန် လျားထားခြင်းဖြစ်သည်။ လက်ရှိ ဘဏ္ဍာနှစ်မကုန်ဆုံးမီ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်အထိ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်း၊ မြန်မာကျပ်ငွေကျပ်သန်း ၁၆၀၀ ရရှိထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။

“၂၀၁၇-၂၀၁၈ ရငွေလျာထားချက်က ဒေါ်လာ ၇၇ သန်းလောက် လျာထားတယ်။ မြန်မာကျပ်ငွေကတော့ ကျပ်ငွေသန်းတစ်ထောင်ကျော်လောက်ဖြစ်တယ်။ ၁၆.၁. ၂၀၁၈ ရက်အထိ အမေရိကန်ဒေါ်လာ ၈၄ ဒသမ ၂ သန်းကျော်သွားပြီဆိုတော့ လျာထားချက်ဖြစ်တဲ့ ၇၇ သန်းကို ကျော်နေပြီ။ အခုက ဇန်နဝါရီရက်၂၀ လောက်ကျန်သေးတယ်။ ဖေဖော်ဝါရီ၊ မတ်လတွေ ကျန်သေးတယ်။ ဝင်ငွေမှာ မနှစ်ကအတိုင်းပဲ သန်းတစ်ရာကျော် ရသွားမယ်ထင်တယ်။ မြန်မာငွေကတော့ ကျပ်သန်း ၁၆၀၀ ကျော်သွားပြီ” ဟု အမျိုးသားမြို့ပြလေကြောင်းလုံခြုံရေး လုပ်ငန်းကော်မတီမှ တွဲဖက်အတွင်းရေးမှူး ဦးရဲထွဋ်အောင်က ပြောကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ရှိ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦး စီးဌာနသည် ရရှိသည့် ဘတ်ဂျက်အား ခွဲဝေသုံးစွဲသည့်နေရာတွင် ငွေလုံးငွေရင်းနဲ့သာမန်ဟူ၍ နှစ်ပိုင်းခွဲဝေသုံးစွဲကြောင်း သိရသည်။ သာမန်အသုံးစရိတ်တွင် အဓိကလစာ၊ ခရီးစရိတ်နှင့် ရေမီး၊ ရုံးသုံးပစ္စည်း အသုံးစရိတ်များပါဝင်ပြီး ငွေလုံးငွေရင်း အသုံးစရိတ်တွင် ဆောက်လုပ်ရေးနှင့် စက်ပစ္စည်းဟူ၍ နှစ်ပိုင်းခွဲခြား အသုံးပြုခြင်းဖြစ်ကြောင်း သိရသည်။ ဆောက်လုပ်ရေးအပိုင်းတွင် လေယာဉ်ကွင်း တိုးချဲ့ခြင်း၊ ပြင်ဆင်ခြင်း၊ လေဆိပ်အဆောက်အုံအသစ် ဆောက်လုပ်ခြင်းများ၊ လေဆိပ်အဟောင်းမွမ်းမံခြင်းများ ပါဝင်ကြောင်း သိရသည်။ စက်ပစ္စည်းအပိုင်းတွင် လေကြောင်းဆက်သွယ်ရေးနှင့် သက်ဆိုင်သည့် စက်ပစ္စည်းများ ဝယ်ယူခြင်းအပိုင်းများ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent