စဉ့်ကူးမြို့နယ်တွင် ဆိုင်ကယ်ငှားရမ်းသူ အမျိုးသမီးအား ဆိုင်ကယ်ကယ်ရီသမားက လမ်းတွင် မုဒိမ်းကျင့်မှုဖြစ်ပွား

စဉ့်ကူးမြို့နယ်တွင် ဆိုင်ကယ်ငှားရမ်းသူ အမျိုးသမီးအား ဆိုင်ကယ်ကယ်ရီသမားက လမ်းတွင် မုဒိမ်းကျင့်မှုဖြစ်ပွား
Published 19 February 2018

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီငှားရမ်းစီးနင်းသူ အမျိုးသမီးအား ဆိုင်ကယ်ကယ်ရီသမားမှ လမ်းတွင် မုဒိမ်းကျင့်မှုဖြစ်ပွားခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၆ ရက် ညနေ ၃ နာရီခွဲခန့်က အသက် ၂၆ နှစ်အရွယ် အိမ်ထောင်ရှိ အမျိုးသမီးတစ်ဦး (ဈေးရောင်းသူ) ရေစကြိုမြို့နယ်နေသူသည် စဉ့်ကူးမြို့နယ် တရော်ပင်ရွာတွင် ဓားမများရောင်းချပြီး ၎င်း၏မိဘများရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ဝက်လက်မြို့နယ် ရှိမ္မကားရွာသို့ပြန်ရန် ကားစီး၍ စဉ့်ကူး-လက်ပံလှလမ်းဆုံတွင် ကားပေါ်မှဆင်းခဲ့ပြီး လမ်းဆုံရှိ ဆိုင်ကယ်ကယ်ရီသမားအား ရှိမ္မကားရွာသို့လိုက်ပို့ရန် ပြောဆိုငှားရမ်းခဲ့ရာ ငွေ ၂၅၀၀ ကျပ်ပေးရမည်ဟု ပြောဆိုသောကြောင့် အမျိုးသမီးက ၎င်းငွေအား မတတ်နိုင်သဖြင့် မငှားနိုင်ကြောင်း ပြောဆိုစဉ် အနီးရှိ အမည်မသိ ဆိုင်ကယ်ကယ်ရီသမား (လူမြင်မှတ်မိ) မှ ၎င်းခေါ်မည်ဖြစ်ပြီး လုခေါ်ခြင်း မဟုတ်ကြောင်းနှင့် လမ်းကြုံ၍ ကုသိုလ်ဖြစ် လိုက်ပို့တာဟုပြောဆိုကာ အမျိုးသမီးအား ခေါ်ဆောင်မောင်းနှင်လာခဲ့သည်။ ခူလယ်ရွာနှင့် သာယာကုန်းရွာကြား ရွှေမြင်တင်တောင်ခြေဘက်သို့ ချိုးကွေ့ခဲ့သဖြင့် အမျိုးသမီးမှ ဘာလို့ချိုးကွေ့တာလဲ၊ သွားမည့်နေရာမဟုတ်ကြောင်းပြောရာ အဆိုပါ လူက အရှိန်ပြင်းစွာ မောင်းနှင်လျက် သာယာကုန်းရွာအနီး ရွှေမြင်တင်တောင်ခြေအနီးရှိ ရွှေပေါက်ပင်အောက်သို့ ရောက်သည့်အခါ ဆိုင်ကယ်ရပ်စဉ် အမျိုးသမီးမှ ထွက်ပြေးရာ ၎င်းမှလိုက်လာပြီး အမျိုးသမီး၏လက်အား ဆွဲကိုင်ကာ လည်ပင်းကိုညှစ်ပြီး မြေကြီးပေါ်သို့တွန်းလှဲကာ သားမယားအဖြစ် ၁၅ မိနစ်ခန့်အကြာ တစ်ကြိမ်ပြုကျင့်ခဲ့ပြီးနောက် အမျိုးသမီးမှ တောထဲတွင် မထားခဲ့ရန်နှင့် ခေါ်သွားရန် တောင်းပန်ပြောဆိုသဖြင့် ဆိုင်ကယ်ကယ်ရီသမားမှ အမျိုးသမီးအား ခေါ်ဆောင်ကာ ရွှေဘိုမြို့နယ် ကျောက်မြောင်းဘက်သို့ရောက်စဉ် ဆိုင်ကယ်ပေါ်မှ ချပေးခဲ့ပြီး စဉ့်ကူးမြို့နယ်ဘက်သို့ ပြန်လည်ထွက်သွားကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး အမျိုးသမီးက ညနေ ၆ နာရီခွဲအချိန်တွင် မြို့မရဲစခန်း (စဉ့်ကူး) သို့ တိုင်တန်းသောကြောင့် တရားခံအား ဖမ်းဆီးရမိရေး တာဝန်ရှိသူများ စုံစမ်းဆောင်ရွက်ခဲ့ရာ ကယ်ရီစတင်ငှားရမ်းခဲ့သည့်နေရာရှိ မျက်မြင်သက်သေ ဆိုင်ကယ်ကယ်ရီသမားများက နိုင်ဝင်း (ခ) ခွေးကိုက် (အိမ်ထောင်ရှိ) ၂၇ နှစ် ဆိုင်ကယ်ကယ်ရီဆွဲသူ လိုက်ပါပို့ဆောင်ပေးခဲ့သည်ကို တွေ့မြင်ကြောင်း ထွက်ဆိုခဲ့သောကြောင့် ပူးပေါင်းအဖွဲ့သည် လက်ပံလှကျေးရွာအုပ်စုနေ နိုင်ဝင်း (ခ) ခွေးကိုက်၏ နေအိမ်သို့ သွားရောက်စုံစမ်းရာ နေအိမ်တွင် မတွေ့ရှိသဖြင့် ၎င်းကိုင်ဆောင်သည့်ဖုန်းသို့ ဆက်သွယ်ပြီး ရွှေဘိုသို့သွားရန် ဆိုင်ကယ်ငှားလိုကြောင်း ယခင်ကလည်း လိုက်ပို့ခဲ့ဖူးကြောင်း၊ ရွှေပန်းတောရွာလမ်းကွေ့သို့ ထွက်လာခဲ့ရန်နှင့် စောင့်နေမည်ဖြစ်ကြောင်းပြောရာ ည ၇ နာရီ ၁၀ မိနစ်တွင် နိုင်ဝင်း (ခ) ခွေးကိုက် ရောက်ရှိလာပြီး စစ်မေးခဲ့ရာ အဆိုပါပြစ်မှုအား ကျူးလွန်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် ည ၇ နာရီ ၂၅ မိနစ်အချိန်တွင် ၎င်းအားဖမ်းဆီးခဲ့သည်။ မြို့မရဲစခန်း (စဉ့်ကူး) က နိုင်ဝင်း (ခ) ခွေးကိုက်အား (ပ) ၁၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆ အရ အမှုဖွင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent