လွိုင်ကော်-ရှားတောသွား ကားလမ်းမနံဘေးလျှိုထဲတွင် မီးရှို့ထားသော လူသေအလောင်း တွေ့ရှိ

လွိုင်ကော်-ရှားတောသွား ကားလမ်းမနံဘေးလျှိုထဲတွင် မီးရှို့ထားသော လူသေအလောင်း တွေ့ရှိ
Published 19 February 2018

လူသေအလောင်းတွေ့ရှိရာ လျှိုထဲသို့ တာဝန်ရှိသူများ သွားရောက်စစ်ဆေးနေစဉ်

လွိုင်ကော်မြို့နှင့် ၁၁ မိုင်ကျော်ဝေးသော ပါလောင်းကျေးရွာအနီးရှိ လွိုင်ကော်-ရှားတောသွား ကားလမ်းမနံဘေးလျှိုထဲတွင် မီးရှို့ထားသော လူသေအလောင်းကို တွေ့ရှိသဖြင့် လွိုင်ကော်ဆေးရုံကြီးတွင် ဖေဖော်ဝါရီ ၁၈ ရက်က ရင်ခွဲစစ်ဆေးလျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

“ဒေါတခြားရွာက ရွာသားတစ်ယောက်က ဖေဖော်ဝါရီ ၁၇ ရက်မှာ ဝါးခုတ်သွားရင်း မီးရှို့ထားတဲ့ လူသေအလောင်းတွေ့လို့ သူ့ရွာသူကြီးကို သွားပြောပြတယ်။ ရွာသူကြီးက စခန်းကို အကြောင်းကြားလို့ ညတွင်းချင်း အလောင်းသွားသယ်ပြီး ဒီမနက်မှာ ရင်ခွဲစစ်ဆေးနေပါတယ်” ဟု အလောင်းတွေ့ရှိရာ နေရာကို ဖေဖော်ဝါရီ ၁၈ ရက်တွင် သွားရောက်စစ်ဆေးသည့် မြို့နယ်ရဲစခန်းမှူးထံမှ သိရသည်။

အလောင်းတွေ့ရှိရာသို့ လူပျောက်မှု တိုင်ထားသည့် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်နေ မဇင်မာထွေး၊ (၄၀ နှစ်) ၏ ဆွေမျိုးများလည်း တာဝန်ရှိရဲအရာရှိများနှင့်အတူ လာရောက်ကြည့်ရှုကြပြီး သက်သေခံပစ္စည်းများ ရှိ မရှိ စစ်ဆေးကြကြောင်း သိရသည်။

“သူ့ယောက်ျားက လပြည့်ဝန်းတဲ့။ သူက ဒီဇာတိမဟုတ်ဘူး ရန်ကုန်ကလေ။ ကားပွဲစားလည်း လုပ်တယ်။ ဇင်မာထွေးနဲ့ အိမ်ထောင်ကျတာ သုံးနှစ်လောက်ရှိပြီ။ သူက မလိမ္မာလို့ နောက်မိန်းမယူတဲ့ အခါကျတော့ ဇင်မာထွေးက သူ့အမေနဲ့ပေါင်းပြီးတော့ သ့ူကို အချုပ်ကျတယ်။ တရားစွဲလိုက်တယ်ပေါ့။ သူကထောင်ထဲမှာ တစ်နှစ်ဝန်းကျင်လောက်နေတယ်။ ထွက်လာတော့ ပြန်လာတယ်။ မဇင်လို့ လက်မခံသင့်တော့ဘူးလို့။ နာထားတဲ့သူက စိတ်ခုနေတယ်လို့။ သူက အကြံနဲ့ လာတာလို့။ သူလည်း သတိနဲ့နေပါတယ်။ သူပြန်လာနေပေါင်းတာ နှစ်လပဲရှိသေးတယ်” ဟု ပျောက်ဆုံးနေသူ မဇင်မာထွေး၏ ဆွေမျိုးတစ်ဦးက ပြောပြသည်။

မဇင်မာထွေး၏ ခင်ပွန်းဖြစ်သူ ဦးလပြည့်ဝန်းဆိုသူမှာလည်း မဇင်မာထွေးနှင့် ဖေဖော်ဝါရီ ၅ ရက်တွင် စကားအချေအတင်ဖြစ်ကြပြီးနောက် Mark II အဖြူရောင်ကားဖြင့် ထွက်သွားပြီး ယခုအချိန်အထိ အဆက်အသွယ် မရတော့ကြောင်း သိရသည်။

အလောင်းတွေ့ရှိရာ နေရာအနီးရှိ လမ်းလုပ်သားများကလည်း လွန်ခဲ့သော ဖေဖော်ဝါရီ ၁၀ ရက် (နေ့ရက်ခန့်မှန်း) တွင် ကားအဖြူရောင်အားရပ်ထားပြီး လူသုံးဦးမှာ ဆေးလိပ်ထိုင်သောက်နေသည်ကို တွေ့ရသည်ဟု ၎င်းတို့အဆိုအရ သိရသည်။

ထိုနေရာသို့ ဖေဖော်ဝါရီ ၁၇ ရက် ညနေပိုင်းတွင် ဒေါတခြားကျေးရွာမှသတင်းပေးချက်အရ တာဝန်ကျရဲအရာရှိများက အလောင်းအား သွားရောက်စစ်ဆေးစဉ်က Dunhill စီးကရက်အတိုအစများ တွေ့ရှိသိမ်းဆည်းထားပြီး ထိုဆေးလိပ် အမျိုးအစားမှာ ပျောက်ဆုံးနေသူ မဇင်မာထွေး၏ ခင်ပွန်း ဦးလပြည့်ဝန်း သောက်သုံးသော အမျိုးအစားဖြစ်ကြောင်း မဇင်မာထွေး၏ ဆွေမျိုးများထံမှ သိရသည်။

အမှုမှ အလောင်းအား မည်သူမည်ဝါ ဖြစ်သည်ကို စစ်ဆေးလျက်ရှိပြီး တရားခံအမြန်ဆုံး ပေါ်ပေါက်စေရန်အတွက် လွိုင်ကော်မြို့နယ်ရဲစခန်းမှူး ဒုရဲမှူးဝင်းဋ္ဌေးအပါအဝင် တပ်ဖွဲ့ဝင်များက တာဝန်ယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Most Read

Most Recent