မြန်မာနိုင်ငံရဲချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ် သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး

မြန်မာနိုင်ငံရဲချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ် သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေး
Published 19 February 2018

မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်တို့အကြား မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး သတင်းအချက်အလက်ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် တွေ့ဆုံဆွေးနွေးစဉ်

မြန်မာနိုင်ငံရဲချုပ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲချုပ်တို့ သီးခြားတွေ့ဆုံပြီး နှစ်နိုင်ငံအကြား မှုခင်းကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေး သတင်းအချက်အလက် ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၁၈ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။

ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့နှင့်အတူ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လိုက်ပါသွားခဲ့သော မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ်အောင်ဝင်းဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲတပ်ဖွဲ့၊ ရဲချုပ် (Inspector General) Dr.Mohammad Zabed Patwary နှင့် ဒါကာမြို့၌ ဖေဖော်ဝါရီ ၁၇ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် သီးခြားတွေ့ဆုံခဲ့ပြီး တစ်နာရီခွဲကြာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးရာတွင် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ရဲတပ်ဖွဲ့အချင်းချင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးအစီအမံများ၊ မှုခင်းဆိုင်ရာ သတင်းအချက်အလက်ဖလှယ်မှု တိုးမြှင့် ဆောင်ရွက်ရေးအစီအမံများ၊ နယ်စပ်ဒေသတွင် မူးယစ်ဆေးဝါး တရားမဝင်သယ်ဆောင် ရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ လူကုန်ကူးမှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်းများ ကြိုတင်ကာကွယ်ရေးနှင့် တားဆီးနှိမ်နင်းရေးကိစ္စရပ်များ၊ နယ်စပ်ဆက်ဆံရေးရုံး (BLO) ဖွင့်လှစ်ရေး အဆင့်မြင့်အရာရှိကြီးများအဆင့်နှင့် ဗဟိုအဆင့်များတွင် အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် ဆက်ဆံရေးတို့အတွက် ညှိနှိုင်းဆွေးနွေးပြီး နှစ်နိုင်ငံဝန်ကြီးအဆင့် အစည်းအဝေးတွင် ညှိနှိုင်းဆွေးနွေးသဘောတူညီခဲ့သည့် ကိစ္စရပ်များအပေါ် ရဲတပ်ဖွဲ့နှင့် သက်ဆိုင်သည့် လုပ်ငန်းစဉ်များအား ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန၊ နိုင်ငံရေးရာဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ကို၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ နိုင်ငံဖြတ်ကျော်မှုခင်းဌာနကြီးမှူး၊ အမှတ် (၁) နယ်ခြားစောင့်ရဲကွပ်ကဲရေးမှူး၊ သတင်းရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့မှူးများ တက်ရောက်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရဲချုပ်နှင့်အတူ ဒုတိယရဲချုပ်၊ ဒါကာမြို့တော်ရဲအဖွဲ့အရာရှိချုပ်၊ မှုခင်းစုံစမ်းစစ်ဆေးရေး ရဲအရာရှိချုပ်၊ ရဲသတင်းထောက်လှမ်းရေးမှူးချုပ်၊ အရေးပေါ် မှုခင်းအခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်ရေးရဲအဖွဲ့ အကြီးအကဲ၊ အင်တာပိုလ် (ဒါကာ) တာဝန်ခံအရာရှိနှင့် အဆင့်မြင့် ရဲအရာရှိကြီးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံရဲတပ်ဖွဲ့ အချင်းချင်း ဆက်သွယ်ဆက်ဆံမည့်သူ အမည်စာရင်း (Contact Person) များ အပြန်အလှန် လဲလှယ်အသိပေးအပ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent