မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် UPDJC အစည်းအဝေး၌ ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်ဟု မွန်ပြည်သစ်ပါတီ ပြောကြား

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် UPDJC အစည်းအဝေး၌ ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်ဟု မွန်ပြည်သစ်ပါတီ ပြောကြား
Published 19 February 2018

မွန်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲပြုလုပ်ရန်အတွက် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေး၌ ဆုံးဖြတ်ပြီးမှသာ ဆောင်ရွက်နိုင်မည်ဟု မွန်ပြည်သစ်ပါတီဗဟိုကော်မတီဝင် နိုင်အောင်မငေးက ပြောကြားသည်။

လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား UPDJC ၏ ကြီးကြပ်မှုဖြင့် NCA ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ကဦးဆောင်ကာ သက်ဆိုင်ရာ လူမျိုးကိုယ်စားပြု တိုင်းရင်းသားပါတီများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကျင်းပရခြင်း ဖြစ်သည်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကတော့ UPDJC မှာ ဆုံးဖြတ်ချက်ချရမယ်။ ဘယ်မှာလုပ်မလဲ။ UPDJC ဆုံးဖြတ်ချက်အရ NCA လမ်းကြောင်းအရလုပ်ရမယ်ဆိုတော့ UPDJC အစည်းအဝေးလည်း မထိုင်ရသေးဘူး။ UPDJC ရဲ့အတွင်းရေးမှူးအဖွဲ့လည်း မထိုင်ရသေးတော့ ကျွန်တော်တို့တစ်ချက် စောင့်ရမှာပေါ့လေ။ လုပ်ထုံးလုပ်နည်း အရအပေါ့” ဟု နိုင်အောင်မငေးက ပြောကြားသည်။

မွန်ပြည်သစ်ပါတီနှင့်အတူ NCA လက်မှတ်ရေးထိုးခဲ့သည့် လားဟူဒီမိုကရက်တစ်အစည်းအရုံးသည် လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကျင်းပခွင့် ရရှိရေးအခက်အခဲရှိကြောင်း လားဟူဒီမိုကရက်တစ်အစည်းအရုံး ဒုတိယဥက္ကဋ္ဌဗိုလ်မှူးကြီး ဆော်လမွန်က မီဒီယာအချို့အား ဖြေကြားထားချက်အရ သိရသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံးသည် တပ်မတော်နှင့်ပစ်ခတ်တိုက်ခိုက်မှုသီးခြားမရှိဘဲ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ်များမရှိချိန်တွင် ကနဦးတွင် NCA စာချုပ်၌ပင် ပါဝင်လက်မှတ်ရေးထိုးခွင့်ရရှိရေး အခက်အခဲရှိခဲ့ပြီး ယခုအခါတပ်မတော်ဘက်မှ လားဟူဒီမိုကရက်တစ် အစည်းအရုံးအား NCA တွင်ပါဝင် လက်မှတ်ရေးထိုးခွင့်ပြုကာ နိုင်ငံရေး ဆွေးနွေးပွဲသို့ တိုက်ရိုက်ပါဝင်ခွင့် ပေးခဲ့သည်။

သိုရာတွင် လားဟူဒီမိုကရက် တစ်အစည်းအရုံးသည် တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ အရပ်သားကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းသည့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တွင် ပါဝင်ခွင့်မရှိဘဲ အစိုးရ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ ပူးတွဲဖွဲ့စည်းထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင်ပါဝင်ခွင့်ရရှိရေးမှာ အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ၏ အဆုံးအဖြတ်ပေါ်မူတည်ကြောင်း အစိုးရဘက်က အသိပေးထားသည်ဟု ဗိုလ်မှူးကြီးေ ဆာ်လမွန်က ပြောကြားထားသည်။

လားဟူဒီမိုကရက်တစ် အစည်းအရုံးဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးကြီး ဆော်လမွန်ထံ ဖုန်းဖြင့် သီးခြားဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရှိခဲ့ပေ။ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့သည်  ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC ) အဖွဲ့ဝင်ဖြစ်ပြီး ယခုအခါ NCA ရေးထိုးပြီးဖြစ်သဖြင့်  UNFC အဖွဲ့တွင်ဆက်ရှိနေမည်(သို့မဟုတ်) ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ရှစ်ဖွဲ့က ဖွဲ့စည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST )၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အလုပ်အဖွဲ့(PPWT ) တွင် ပါဝင်ဆောင်ရွက်မည်ကို ဆုံးဖြတ်ရခြင်းမရှိသေးကြောင်း နိုင်အောင်မငေးက ဆိုသည်။

“အခုလောလောဆယ် PPST နဲ့ကျွန်တော်တို့ Join ဖို့။ အတူသွားဖို့။ အတူမသွားဖို့ဆိုတာလည်း ကျွန်တော်တို့သေချာမချမှတ်ရသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ နည်းနည်းတော့ စောသေးတယ်။ ဒါက UNFC မှာလည်း တိတိကျကျမရှိသေးတော့လေ။ UNFC ဆက်ရှိနေဖို့ ဘယ်လိုလုပ်မလဲ အဲဒါလည်းမပြတ်သေးဘူးဆိုတော့ PPST နဲ့တွဲဖို့လား။ ဘယ်လိုဆက်သွားမလဲဆိုတာ အစီအစဉ်တကျ မရှိသေးဘူး။ ဒါပေမဲ့ PPST၊ PPWT နဲ့ လုပ်ငန်းချိတ်ဆက်မှုတော့ ရှိမှာပါ။ ဘာဖြစ်လို့လဲဆိုတော့ NCA လမ်းကြောင်း အတူတူဖြစ်သွားပြီ ဆိုတော့လေ” ဟု နိုင်အောင်မငေးက ပြောကြားသည်။ လားဟူဒီမိုကရက်တစ် အစည်းအရုံးမှာ UNFC အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာတင်ထားကြောင်းလည်း သိရသည်။

ယခင် NCA ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်ရှစ်ဖွဲ့အနက် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှာ လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအား ကျင်းပခွင့်မရရှိသေးဘဲ အစိုးရဘက်ကမူ ရခိုင်ပြည်နယ်၏ လက်ရှိနိုင်ငံရေး အခြေအနေများကြောင့် ခွင့်မပြုခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။ ထို့အတူ NCA ရေးထိုးပြီး ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA)သည် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲကျင်းပခွင့်ရရှိထားသော်လည်း အဆိုပါ ဆွေးနွေးပွဲ အကြိုလူထုတွေ့ဆုံပွဲများ ကျင်းပရာတွင် တားမြစ်မှုများခံရသဖြင့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲအား ပြုလုပ်ခြင်းမရှိဘဲ ယာယီရွှေ့ဆိုင်းထားသည်။

အလားတူ NCA ရေးထိုးထားသည့် ကရင်တိုင်းရင်းသားလက်နက် ကိုင်သုံးဖွဲ့က ကရင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတစ် ကြိမ်ပြုလုပ်ထားပြီး ထပ်မံပြုလုပ်ရန် ကရင်ပြည်နယ်ပြင်ပရှိ ကရင်တိုင်းရင်းသားများနေထိုင်ရာ ဒေသများတွင် အကြိုလူထုတွေ့ဆုံပွဲပြုလုပ်ရန် ခွင့်ပြုချက်တောင်းခံခဲ့သော်လည်း ခွင့်ပြုချက်မရရှိကြောင်း အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေး ပွဲလုပ်ငန်းစဉ်တွင်ပါဝင်သည့် ကရင်အရပ်ဘက် အဖွဲ့အစည်းတာဝန်ရှိသူအချို့၏ ပြောကြားချက်အရ သိရသည်။ NCA ရေးထိုးထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) က ၂၁ ရာစုပင်လုံ တတိယ အစည်းအဝေးကို နိုင်ငံရေးဆွေးနွေးပွဲဆိုင်ရာ လုပ်ငန်းစဉ်အဆင့်ဆင့်ကို အကောင်ထည်ဖော် ဆောင်ရွက်ပြီးမှသာဆက်လက်ပြုလုပ်မည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ဖေဖော်ဝါရီလကုန်ပိုင်းတွင် ကျင်းပနိုင်ရန်စီစဉ်လျက်ရှိကြောင်း UPDJCကော်မတီဝင်တစ်ဦးက ဆိုသည်။

Most Read

Most Recent