<

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းပါ လုပ်ငန်းအရေအတွက် ၇၀၂၂ ခုရှိသည့်အနက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းစီမံကိန်းနှင့် လုပ်ငန်း ၃၀၆၄ ခုရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ထောက်ပြ

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ် အစည်းအရုံးခေါင်းဆောင်များ ဇန်န၀ါရီ ၂၃ ရက်က အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ် (Myanmar State Counsellor Office)

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းပါ လုပ်ငန်းအရေအတွက် ၇၀၂၂ ခုရှိသည့်အနက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်း ၃၀၆၄ ခု ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက ထောက်ပြခဲ့သည်။

ဖေဖော်ဝါရီ ၁၆ ရက်က ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၈ ခုနှစ် ဧပြီမှ စက်တင်ဘာလအထိ ခြောက်လအတွက် ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေငွေစာရင်းနှင့်၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းအပေါ် ငွေကြေးဆိုင်ရာသုံးသပ်ချက် အစီရင်ခံစာတင်သွင်းစဉ် ထည့်သွင်းဖော်ပြခဲ့သည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ရသုံးမှန်းခြေငွေစာရင်းပါ လုပ်ငန်းအရေ အတွက် ၇၀၂၂ ခုရှိသည့်အနက် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလကုန်အထိ ဆောင်ရွက်နိုင်ခြင်းမရှိသည့် လုပ်ငန်းစီမံကိန်းနှင့်လုပ်ငန်း ၃၀၆၄ ခုရှိ ကြောင်းနှင့် ကွင်းဆင်းစစ်ဆေး တွေ့ရှိချက်များအရ လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အားနည်းချက်များရှိနေသည်ကို တွေ့ရကြောင်း၊ ၀န်ကြီးဌာနများမှ တာဝန်ယူဆောင်ရွက်သော လုပ်ငန်းအများစုမှာ တင်ဒါခေါ်ယူဆဲဖြစ်ကြောင်း တွေ့ရှိရသည့်အတွက် တင်ဒါကို သုံးလအတွင်း အပြီးခေါ်ယူရန် ညွှန်ကြားထားချက်နှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်ခြင်း၊ အချို့သောဝန်ကြီးဌာနမှ ရေးဆွဲသောဒီဇိုင်းများသည် မြေပြင်အခြေအနေနှင့် ကိုက်ညီမှုမရှိသဖြင့် ဒီဇိုင်းများ ပြန်လည်ရေးဆွဲရခြင်းနှင့် ဒီဇိုင်းနှင့်ကိုက်ညီသည့် မြေနေရာများ ထပ်မံရှာဖွေရခြင်းများရှိသည့်အတွက် သတ်မှတ်အချိန်အတွင်း ပြီးစီးရန် ခက်ခဲလျက်ရှိသည်ကို တွေ့ရှိရခြင်းများရှိကြောင်း အစီရင်ခံစာတင်သွင်းခဲ့သည်။

လုပ်ငန်းစီမံကိန်းများ၏ အကောင်အထည်ဖော် ဆောင်ရွက်မှုကို စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှု အစီရင်ခံရေးဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှုသည် ပြည်သူ့ဘဏ္ဍာငွေများဖြင့် ကျခံဆောင်ရွက်သော လုပ်ငန်းများ၏ ပြည်သူများအတွက် အမှန်တကယ်အကျိုးဖြစ်ထွန်းစေနိုင်သည့် လုပ်ငန်းများဖြစ်စေရန် သက်ဆိုင်ရာဌာနများ၏တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်သိတတ်မှုကို မြှင့်တင်ထိန်းကျောင်း ကြပ်မတ်ပေးသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည့်အတွက် ယခုထက် ပိုမိုထိရောက်အောင် ကြိုးပမ်းဆောင်ရွက်ရန်နှင့် ဌာနများမှလည်း ပိုမိုပူးပေါင်းဆောင်ရွက်သွားသင့်ကြောင်း သုံးသပ်တွေ့ရှိရသည်ဟု ပူးပေါင်းကော်မတီက အစီရင်ခံစာ တင်သွင်းခဲ့သည်။

ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံခြင်းများနှင့်ပတ်သက်ပြီး စီမံကိန်းများအတွက် အသုံးစရိတ်များကို ကျခံသုံးစွဲနိုင်ရန် မူလခွင့်ပြုငွေဖြင့် မလုံလောက်သော်လည်းကောင်း၊ ထပ်မံလိုငွေကို သတ်မှတ်ထားသည့် အချိန်ကာလတွင် သက်ဆိုင်ရာအစိုးရအဖွဲ့သို့ ဖြည့်စွက်ခွင့်ပြုငွေဖြင့် တင်ပြတောင်းခံနိုင်သည်ဟု ဖော်ပြပါရှိ သော်လည်း အချို့တည်ဆောက်ရေး စီမံကိန်းများတွင် မူလတင်ပြပါဒီဇိုင်းကို များစွာပြုပြင်ပြောင်းလဲခြင်း၊ မူလခွင့်ပြုလုပ်ငန်းများအပြင် အခြားဆက်စပ်သော လုပ်ငန်းသစ်များ ထပ်တိုးလျာထားခြင်းနှင့် ဘတ်ဂျက်ခွင့် မပြုမီကြိုတင်အကောင်အထည် ဖော်ဆောင်ရွက်ထားသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မူလခွင့်ပြုငွေဖြင့် မလုံလောက်ခြင်းမျိုးမဟုတ်ဘဲ ဒီဇိုင်းပြောင်းလဲခြင်းကြောင့် ထပ်မံလိုအပ်လာသည့် အသုံးစရိတ်တောင်းခံလာမှုများကို ရှင်းလင်းပြတ်သားသော မူဝါဒတစ်ရပ်ချမှတ်ပြီး ထိန်းကျောင်းတည့်မတ်သင့်ကြောင်း ပူးပေါင်းကော်မတီက အစီရင်ခံစာတင်သွင်းခဲ့သည်။

ထို့ပြင် ပြင်ပပုဂ္ဂလိကဆောက်လုပ်ရေး ကုမ္ပဏီများကဲ့သို့ ၀န်ထမ်းလစာစရိတ်၊ လစာ၊ တင်ဒါစရိတ်စသည့် Over – Head Cost များ ကျခံသုံးစွဲခြင်းမရှိသော ပြည်သူ့ဆောက်လုပ်ရေးဝန်ကြီးဌာနအနေဖြင့် အဘယ်ကြောင့် စီမံကိန်းကုန်ကျစရိတ် ပိုမိုများပြားလျက်ရှိကြောင်းကို စိစစ်တည့်မတ်ထိန်းကျောင်းသင့်ကြောင်း ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီက အစီရင်ခံစာတင် သွင်းခဲ့သည်။

February 18, 2018














Copy Protected by Chetan's WP-Copyprotect.