ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်း ရှိစေရန် ဆရာဝန် ၃၄ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးနှင့် သူနာပြု ၆၄ ဦး ထပ်မံခန့်ထား

ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်း ရှိစေရန် ဆရာဝန် ၃၄ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးနှင့် သူနာပြု ၆၄ ဦး ထပ်မံခန့်ထား
Published 18 February 2018

ရခိုင်ပြည်နယ် မောင်တောဒေသတွင် ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများအား ၂၀၁၇ ခုနှစ်ကုန်ခန့်က တွေ့ရစဉ်

ရခိုင်ပြည်နယ်အတွင်း လူဦးရေနှင့်အညီ သင့်လျော်သော ကျန်းမာရေးဝန်ထမ်း ရှိစေရန် ဆရာဝန် ၃၄ ဦး၊ သွားဘက်ဆိုင်ရာဆရာဝန် တစ်ဦးနှင့် သူနာပြု ၆၄ ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံ ခန့်အပ်ထားကြောင်း သိရသည်။

ဝန်ကြီးဌာနအနေဖြင့် ဆရာဝန်၊ သူနာပြုများ အပါအဝင် သားဖွားဆရာမ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် စသည့် အခြေခံကျန်းမာရေးဝန်ထမ်းများ နှစ်စဉ် မွေးထုတ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များအား ဦးစားပေးအစီအစဉ် သတ်မှတ်၍ ခန့်အပ်သွားမည် ဖြစ်ကြောင်းနှင့် လက်ရှိတွင် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း (စစ်တွေ) ၌ သူနာပြုနှင့် သားဖွားသင်တန်းသား သင်တန်းသူ စုစုပေါင်း ၄၃၀၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) ခြောက်လ သင်တန်းကို စစ်တွေမြို့၌ သင်တန်းသားသင်တန်းသူ စုစုပေါင်း ၁၀၁ ဦးဖြင့် လေ့ကျင့် သင်တန်းပေးပြီးဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အနေဖြင့် ဆရာဝန်၊ သူနာပြုများနှင့် အခြေခံကျန်းမာရေးဝန်ထမ်းများ ရာထူးတိုးမြှင့်ပေးရေးအတွက် အစီအစဉ်များ ဆောင်ရွက်သွားရန်ရှိပြီး ရာထူးတိုး၍ လစ်လပ်နေရာများနှင့် သက်ပြည့်ပင်စင်ယူခြင်း အပါအဝင် အခြားလစ်လပ်နေရာများ၌ ပြန်လည် ခန့်အပ်နိုင်ရေးအတွက် အစီအစဉ်များကို စနစ်တကျ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်းရှိ ဆေးရုံများ၌ ဆရာဝန်များ ပိုမိုခန့်အပ်နိုင်ရေးအတွက် ဆေးတက္ကသိုလ်များမှ မွေးထုတ်ပေးသော ဆရာဝန်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ဦးစားပေး ခန့်အပ်သွားမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ၏ အထူးအစီအစဉ်အနေဖြင့်လည်း ခန့်အပ်သွားမည်ဖြစ်သည်။

ထို့ပြင် ပြည်သူ့ကျန်းမာရေးကြီးကြပ် (၂) သင်တန်းသားခေါ်ယူခြင်း၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအတွက် သင်တန်းသားသင်တန်းသူ ခေါ်ယူခြင်းများ၌ ဒေသခံများအား ခေါ်ယူခြင်းဖြင့် သင်တန်းပြီးဆုံး၍ တာဝန်ချထားရာတွင် ပိုမိုအဆင်ပြေမည် ဖြစ်သဖြင့် ဒေသခံများအား ဦးစေားပေး ခေါ်ယူသင်တန်းပေး၍ မွေးထုတ်သွားမည် ဖြစ်ကြောင်း နှင့် သူနာပြုနှင့်သားဖွားများ ပိုမိုမွေးထုတ်ပေးနိုင်ရေးအတွက် လက်ရှိ စစ်တွေ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအပြင် ရခိုင်ပြည်နယ်၊ တောင်ပိုင်းရှိ မြို့နယ်တစ်ခုခု (လျာထား-ကျောက်ဖြူမြို့) ၌ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းအသစ်တစ်ခု တည်ထောင်ဖွင့်လှစ်သွားနိုင်ရေး စီစဉ်ဆောင်ရွက်မည် ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း ရရှိနေသည့် ကျန်းမာရေးစောင့်ရှောက်မှုအဆင့်သည် နိမ့်ကျနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နိုင်ငံတစ်နိုင်ငံတွင် ထိရောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တစ်ခု ရှိရန်အတွက် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား အနည်းဆုံး ၂၂ ဦးရှိရန် လိုအပ်သည်ဟု အကြံပြုထားကြောင်း၊ တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းအရ မြန်မာတစ်နိုင်ငံလုံး၌ ကျန်းမာရေးလုပ်သား အင်အားသည် လူတစ်သောင်းလျှင် ၁၆ ဦးခန့် ရှိသော်လည်း ရခိုင်ပြည်နယ်တွင် လူတစ်သောင်းလျှင် ကျန်းမာရေးလုပ်သား ငါးဦးသာ ရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ကလေးသေနှုန်းသည်လည်း တစ်နိုင်ငံလုံး၏ ပျမ်းမျှနှုန်းထက် မြင့်နေကြောင်း၊ ကလေးမွေးဖွားသည့် အမျိုးသမီးများ၏ ၁၉ ရာခိုင်နှုန်းသာလျှင် ကျွမ်းကျင်သည့် ကျန်းမာရေးဝန်ထမ်းများ ရှိသည့် ဆေးရုံ ဆေးပေးခန်းများတွင် မွေးဖွားကြကြောင်းနှင့် ကာကွယ်ဆေးထိုးရုံဖြင့် ကာကွယ်နိုင်သည့် ရောဂါအများအပြား မကြာမီနှစ်များအတွင်းက အထူးသဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပွားခဲ့သည်ကိုတွေ့ရပြီး ၂၀၁၆ ခုနှစ် က ရခိုင်ပြည်နယ် တစ်ပြည်လုံးတွင် ပြုလုပ်ခဲ့သည့် သုတေသနစစ်တမ်းတွင် ပါဝင်ဖြေဆိုခဲ့သူများ၏ ၅၂ ရာခိုင်နှုန်းသည် ၎င်းတို့အနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို လုံလောက်စွာ ရရှိခြင်းမရှိကြောင်း ဖြေဆိုခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း ပြန်လည် ဝင်ရောက်လာသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း အစီအစဉ်တွင် ပါဝင်မည့် ဒေသခံဝန်ထမ်းများ၊ အခြားဒေသမှ လာရောက် တာဝန်ထမ်းဆောင်မည့် ကျန်းမာရေးဝန်ထမ်းများ၊ ကွင်းဆင်း ကြီးကြပ်အဖွဲ့ဝင်များအတွက် လိုအပ်မည့် နေ့တွက်စရိတ်၊ ခက်ခဲဒေသ ခွင့်ပြုစရိတ်၊ ခရီးစရိတ် စသည်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent