ARSA အကြမ်းဖက်သမားများ၊ တရားခံပြေးများအား အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ သတင်းဖလှယ် ပေးပို့ရေးတို့ကို အလေးထား ဆောင်ရွက်ရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း

ARSA အကြမ်းဖက်သမားများ၊ တရားခံပြေးများအား အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ သတင်းဖလှယ် ပေးပို့ရေးတို့ကို အလေးထား ဆောင်ရွက်ရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်း
Published 18 February 2018

ARSA အကြမ်းဖက်သမားများ၊ တရားခံပြေးများအား အမြန်ဆုံး စုံစမ်းဖော်ထုတ်၍ သတင်းဖလှယ် ပေးပို့ရေးတို့ကို အလေးထား ဆောင်ရွက်ပေးရန် မြန်မာက ဘင်္ဂလားဒေ့ရှ်ကို တိုက်တွန်းခဲ့ကြောင်း ပြည်ထဲရေးမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံ ဒါကာမြို့တွင် ပြုလုပ်သည့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပြည်ထဲရေးဝန်ကြီးအဆင့် အစည်းအဝေးအပြီးတွင် ယင်းသို့ မြန်မာဘက်မှ ထည့်သွင်း ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

ARSA အကြမ်းဖက် အဖွဲ့အစည်းတွင် ပါဝင်ပတ်သက်သူ အကြမ်းဖက်သမားများ၊ တရားခံပြေးများ၏ အမည်စာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ သုံးကြိမ် ပေးပို့ထားပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ ဦးဆောင်ပြီး ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးလွင်ဦး၊ ပြည်ထဲရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတင်မြင့်၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်၊ ရဲချုပ်အောင်ဝင်းဦးနှင့် အဆင့်မြင့်အရာရှိကြီးများ စုစုပေါင်း ၁၅ ဦး တက်ရောက်ခဲ့ကြကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံဘက်မှ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Asaduzzaman Khan MP ဦးဆောင်ပြီး ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်သူ့လုံခြုံရေးဌာနကြီး၊ အတွင်းဝန် Mr. Mostafa Kamal Uddin ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးဌာနကြီး၊ အတွင်းဝန် Mr. Farid UDDIN Ahmed Chowdhury ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတွင်းဝန်၊ ရေတပ်ဗိုလ်ချုပ်(အငြိမ်းစား) Md. Khurshed Ala, BN နှင့် အခြားအဆင့်မြင့် အရာရှိကြီးများ စုစုပေါင်း ၁၈ ဦး ပါဝင်တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အလားတူ မြန်မာနိုင်ငံဘက်မှ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား နှစ်နိုင်ငံ သဘောတူညီချက်များနှင့်အညီ ပြန်လည်လက်ခံနိုင်ရေးအတွက် ကြိုတင်စိစစ်မှုများ ဆောင်ရွက်နိုင်ရန် ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံမှ ပထမအသုတ် လွှဲပြောင်းပေးမည့် အိမ်ထောင်စု ၁၆၃၇ စုမှ လူဦးရေ ၈၀၃၂ ဦး၏ အမည်စာရင်းများနှင့် ကိုယ်ရေးအချက်လက်များကို ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံက လွှဲပြောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် နယ်စပ်ဒေသ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးအတွက် တိုးမြှင့်ဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး တရားမဝင် သယ်ဆောင်ရောင်းဝယ်မှု တိုက်ဖျက်ရေး၊ ဘင်္ဂလားဒေ့ရှ် ပြည်သူ့သမ္မတနိုင်ငံဘက်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာ ထွက်ပြေးသူများအား ပြန်လည်ခေါ်ယူရေး၊ နှစ်နိုင်ငံ နယ်စပ်ဒေသတစ်လျှောက် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များတွင် နားလည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အကြမ်းဖက်မှုနှင့် နယ်စပ်ဖြတ်ကျော်မှုခင်း၊ နှစ်နိုင်ငံ မြစ်ကြောင်းနယ်နိမိတ်တွင် ဖြစ်ပေါ်လျက်ရှိသော မှုခင်းများ တိုက်ဖျက်ခြင်းတို့ တွင် ပူးပေါင်းဆောင်ရွက်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Most Read

Most Recent