စည်ပင်သာယာအား စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းပုံစံ ပြောင်းလဲသွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား

စည်ပင်သာယာအား စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းပုံစံ ပြောင်းလဲသွားရန်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ပြောကြား
Published 18 February 2018

ရန်ကုန်မြို့ မင်းဓမ္မခန်းမတွင် ဖေဖော်ဝါရီ ၁၇ ရက်က ပြုလုပ်သော အခမ်းအနားကို တွေ့ရစဉ်

စည်ပင်သာယာအား စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းပုံစံ ပြောင်းလဲသွားရန် ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီ ၁၇ ရက်တွင် ရန်ကုန်မြို့ရှိ မင်းဓမ္မခန်းမတွင် ပြုလုပ်သည့် ဆောက်လုပ်ရေးကဏ္ဍတွင် တွေ့ကြုံနေရသော အခက်အခဲများ ဖြေရှင်းရေးနှင့် လုပ်ငန်းများ ရေရှည်တိုးတက်ရေးအတွက် နိုင်ငံတော်မှ ကူညီဖြေရှင်းပံ့ပိုးပေးနိုင်ရန် တင်ပြခြင်းအခမ်းအနားတွင် ပြောကြားသည်။

“တိုင်းဒေသကြီး အစိုးရအဖွဲ့အနေနဲ့ လုပ်နိုင်တဲ့ အခွင့်တွေနဲ့ တိုင်းဒေသကြီးလွှတ်တော် ပြဋ္ဌာန်းပေးနိုင်တဲ့ ဥပဒေတွေပေါ်မှာ မူတည်ပြီး ကျွန်တော်တို့ စည်ပင်သာယာကို စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းမျိုးတွေပုံစံနဲ့ ပြောင်းလဲသွားဖို့ ရှိပါတယ်။ ဒါက စင်ကာပူနိုင်ငံတို့၊ ဂျပန်နိုင်ငံတို့မှာ ပြုပြင်ပြောင်းလဲနေတဲ့ အခြေအနေတွေ၊ အနောက်နိုင်ငံမှာ ပြုပြင်ပြောင်းလဲနေတဲ့ ဒေသန္တရ စည်ပင်သာယာအုပ်ချုပ်ရေးစနစ်တွေကို ကျွန်တော်တို့ နမူနာယူပြီး ပြု ပြင်ပြောင်းလဲမှုကို ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီပြုပြင်ပြောင်းလဲမှုကို မူဝါဒရေးရာ အောင်မြင်တဲ့ မြို့တော်စည်ပင် ဥပဒေကြမ်းကို ပြုစုထားပါတယ်။ လွှတ်တော်ဆိုတာ မူဝါဒတွေ ချမှတ်ပေးရမှာ ဖြစ်ပါတယ်။ အစိုးရ ဆိုတာ မူဝါဒတွေ၊ ဥပဒေတွေကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေကြမ်းသည် ဘက်ပေါင်းစုံမှ ပြုပြင်ပြောင်းလဲပြီး အကောင်းဆုံးဖြစ်နိုင်သော မူဝါဒတစ်ရပ်၊ ဥပဒေကြမ်းတစ်ရပ်ကို လွှတ်တော်ဘက်က အတည်ပြုပေးဖို့ ဖြစ်ကြောင်း၊ အားလုံးကို ပြင်ဆင်ပြီး အတည်ပြုနိုင်ကြောင်း၊ အပိုင်းလိုက် ပြင်ဆင်ပြီး အတည်ပြုနိုင်ပါကြောင်း၊ လိုသည်ကို အတည်ပြု၊ မလိုအပ်သည့်အပိုင်းကို ဖြုတ်ပြီး ပြင်နိုင်ကြောင်း၊လွှတ်တော်က အတည်ပြုလိုက်သည့် ဥပဒေအတိုင်း ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ စည်ပင်သာယာဥပဒေကို ပြုပြင်ပြောင်းလဲရန်နှင့် ဆောက်လုပ်ခွင့်ပါမစ်များကို ပြောင်းလဲနိုင်ရန် ၂၀၁၈ ခုနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“ဘာကြောင့် ရန်ကုန်မြို့တော် စည်ပင်သာယာဥပဒေကို ပြုပြင်ရမလဲဆိုရင် စည်ပင်သာယာဥပဒေမှာ ရန်ကုန်မြို့ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုမှာ ရှိပါတယ်။ ဒီစည်ပင်သာယာဥပဒေနဲ့အညီပဲ ဒေသန္တရ ရွေးကောက်ပွဲတွေလည်း စည်ပင်သာယာ ရွေးကောက်ပွဲကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ဒီဥပဒေကို မူကြမ်းပြုစုထားပြီး ဖြစ်ပါတယ်။ စနစ်ကိုလည်း ပြောင်းလဲဖို့ မျှော်မှန်းထားပါတယ်။ ဘာကြောင့်စနစ်ကိုပြောင်းလဲဖို့ မျှော်မှန်းထားသလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာ စနစ်တစ်ခုနဲ့ တည်ဆောက်ခွင့်တွေပေးဖို့၊ လုပ်ငန်းတွေကို လွယ်ကူဖို့ စနစ်တစ်ခု တည်ထောင်ဖို့လို အပ်ပါတယ်။ စည်ပင်သာယာကနေပြီးတော့ ခွင့်ပြုမိန့်ကို ခွင့်ပေးတဲ့အချိန်မှာ တာဝန်ယူတာဝန်ခံနိုင်တဲ့ လိုင်စင်ရ အင်ဂျင်နီယာတွေ Third Party အဖွဲ့အစည်းတွေကနေ ဒီခွင့်ပြုမိန့်ကို ရရင်လျှောက်ထားမှုအတွက် တာဝန်ယူ တာဝန်ခံနိုင်မှု ရှိရပါမယ်။ စည်ပင်သာယာဘက်က ခွင့်ပြုမိန့် ထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ အားလုံးဟာ တာဝန်ယူတာဝန်ခံနိုင်မှု ရှိတာကို တည်ထောင်ပေးနေတာ ဖြစ်ပါတယ်။ တည်ဆောက်ရေးလုပ်ငန်းကို တင်ပြလာတဲ့ သူတွေကလည်း တာဝန်ယူတာဝန်ခံမှု ရှိရပါမယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

Most Read

Most Recent