ရခိုင်ပြည်နယ်အတွင်း ဆားလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း ဈေးကောင်းရရန်မျှော်လင့်ပြီး မိုးဖျက်မည်ကိုစိုးရိမ်ကြောင်း လုပ်ငန်းရှင်များ ပြောကြား

ရခိုင်ပြည်နယ်အတွင်း ဆားလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း ဈေးကောင်းရရန်မျှော်လင့်ပြီး မိုးဖျက်မည်ကိုစိုးရိမ်ကြောင်း လုပ်ငန်းရှင်များ ပြောကြား
Published 18 February 2018

ရခိုင်ပြည်နယ်မှ နေလှန်းဆားထုတ်လုပ်မှု လုပ်ငန်းခွင်တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ- ဦးသန်းမြင့်)

ရခိုင်ပြည်နယ်အတွင်းရှိ ဆားလုပ်ငန်းတွေ စတင်နေပြီဖြစ်သော်လည်း ဆားဈေးကောင်းလာရန် မျှော်လင့်နေကြောင်းနှင့် မိုးဖျက်မည်ကို စိုးရိမ်ကြောင်း လုပ်ငန်းရှင်များက ပြောကြားသည်။

ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူ၊ ပေါက်တော၊ မြေပုံမြို့နယ်များတွင် နေလှန်းဆားကို အဓိကလုပ်ကိုင်ကြပြီး မြို့နယ်အချို့တွင်လည်း လုပ်ကိုင်ကြကြောင်း၊ ပင်လယ်နှင့်နီးသော ဒေသများတွင် ပင်လယ်ရေသွင်းကာ နေလှန်းဆားကို ရယူခြင်းဖြစ်ကြောင်းနှင့် ဈေးကွက်ရရှိမှုမှာလည်း အရေးပါသောကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း သိရသည်။

“ဒီနှစ်ထဲမှာ ၂၀၀၈ -၂၀၀၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင်တော့ ဆားကွင်းလုပ်ကိုင်သူ ရာခိုင်းနှုန်း ၂၀ လောက်သာ ကျန်တော့တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အလုပ်သမားစရိတ်တွေ တိုးတာတယ်။ သယ်ယူရေးစရိတ်တွေ တိုးလာတယ်။ ဒါပေမဲ့ ဆားဈေးက တက်မလာဘူး။ ရိုးမကိုကျော်ပြီး ပို့နိုင်ရင်တောင် အများဆုံး ၈၀ ကျပ်ပေါ့။ အရင်ဘင်္ဂလားဒေ့ရှ်ကို တင်ပို့နိုင်တဲ့အချိန်ဆိုရင် ၁၅၀ လောက်ရခဲ့တယ်။ ဒါကြောင့် တောင်သူတွေက ရင်းနှီးမြှုပ်နှံဖို့ မဝံ့ရဲဘူးဖြစ်လာတယ်။ မိုးဖျက်မှာကိုလည်း စိုးရိမ်တယ်။ ဈေးမကောင်းမှာကိုလည်း စိုးရိမ်ရတယ်” ဟု ဆားလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးသန်းဝင်းက ပြောကြားသည်။

ယခင်က ရခိုင်မှ နေလှန်းဆားများကို ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ပို့လေ့ရှိသော်လည်းဘင်္ဂလားဒေ့ရှ်သို့ အိန္ဒိယဘက်မှဆားများ ဝင်ရောက်လာမှုကြောင့် ရခိုင်မှဆားများကို ဘင်္ဂလားဒေ့ရှ်မှ ဝယ်လိုအားကျဆင်းလာခဲ့ကာ ဆားလုပ်ငန်းရှင်များ အခက်အခဲတွေ့ခဲ့ရကြောင်းနှင့် ရခိုင်ရိုးမကိုကျော်ပြီး ကားလမ်းမှ တင်ပို့ခဲ့ရကြောင်း သိရသည်။

ထို့ပြင် ဆားတောင်သူများအတွက် ရင်းနှီးမြှုပ်နှံငွေများ ထုတ်ချေးရန်လိုအပ်ကြောင်းနှင့် စပါးတစ်သီး၊ ဆားတစ်ရာသီအဖြစ် လုပ်ကိုင်နိုင်မှသာ ဆားတောင်သူများဘဝလှပမည်ဖြစ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ဆားတောင်သူတွေဟာ စပါးရောဆားရော လုပ်ဆောင်နိုင်အောင် ကူညီပေးဖို့လိုတယ်။ ဒါပေမဲ့ သူတို့က ဆားတစ်ခုတည်းလုပ်နေရတော့ ဝမ်းစာအတွက် အဆင်မပြေမှုတွေ ဖြစ်တယ်။ ကူညီပံ့ပိုးမှုတွေ မရှိဖြစ်လာတယ်ဆိုတော့ သူတို့အခက်အခဲနဲ့ ရင်ဆိုင်ရလေ့ရှိပါတယ်။ ဒီကနေ ရန်ကုန်ကို သင်္ဘောနဲ့ တင်ပို့ မယ်ဆိုရင်လည်း သူတို့ကိုယ်တိုင် မလုပ်နိုင်ဘူး။ မိုးကဖျက်လိုက်ရင် ဒုက္ခတွေရောက်ကြရတယ်။ ဆားလုပ်ငန်းက အရဲစွန့်ပြီးလုပ်ရသလို ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ သိုလှောင်ဖို့ နေရာတွေ အခက်အခဲ ဖြစ်ရတယ်။ ငွေကြေးချေးငှားပြီး လုပ်ကိုင်ရတယ်။ ထွက်လာတဲ့ဆားဟာ ဈေးကောင်းမရရင် အလုပ်သမားစရိတ်ကိုတောင် မနိုင်နင်းတော့ဘဲ ဖြစ်နေတတ်တယ်” ဟု ဦးသန်းဝင်းက ပြောကြားသည်။

Most Read

Most Recent