ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်မည်ဟု သိရ

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများက စွဲချက်အမိန့်အပေါ် ကျေနပ်မှုမရှိ၍ ရန်ကုန်တိုင်း တရားလွှတ်တော်သို့ ပြင်ဆင်မှုတက်မည်ဟု သိရ
Published 18 February 2018

ဦးကိုနီလုပ်ကြံခံရမှုနှင့်ပတ်သက်၍ စွဲချက်တင်ခံထားရသူများဖြစ်သည့် ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့က ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ ၎င်းတို့အပေါ် စွဲချက်တင်ထားသည့် စွဲချက်အမိန့်ကို ကျေနပ်မှုမရှိသဖြင့် ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်သို့  ပြင်ဆင်မှု တက်သွားမည်ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေများက ပြောကြားသည်။

ရန်ကုန်မြောက်ပိုင်းခရိုင် အမှုစစ်အထူးခုံရုံးက ကြည်လင်း၊ အောင်ဝင်းဇော်၊ ဇေယျာဖြိုး၊ အောင်ဝင်းထွန်းတို့ကို ပုဒ်မအသီးသီးဖြင့် ဖေဖော်ဝါရီ ၉ ရက်တွင် စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ပြင်ဆင်မှုတက်ခြင်း လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍  အောင်ဝင်းဇော်နှင့် အောင်ဝင်းထွန်းတို့၏ ရှေ့နေဖြစ်သူ ဦးအောင် ခိုင် (တရားလွှတ်တော်ရှေ့နေ) က “ပြင်ဆင်မှုကတော့ တက်မှာပါ။ ဒီပြင်ဆင်မှုကို လက်ခံဖို့ရာ စာတင်လိုက်ရော။ စာတင်တော့ဟိုက ဘယ်နေ့မှာကြားနာမယ်ဆိုပြီးတော့ ကိုယ်တိုင်လျှောက်လဲချက်ပေးရဦးမှာ ဘာ့ကြောင့် ဒီအမိန့်ဟာ မတရားဘူး၊ တရားတယ်။ ဘာ့ကြောင့် ပြင်ဆင်ချက်တက်ရတယ်ဆိုတဲ့ အကြောင်းပြချက်ကိုတို့က ပြောကြရမှာ။ အဲ့လို ပြောတဲ့အခါမှာ တရားရုံးက လက်ခံသင့်ရင်လည်း လက်ခံမှာပေါ့။ လက်မခံသင့်ဘူးဆိုလည်း ပယ်မှာပေါ့။ တကယ်လို့ လက်ခံသင့်တယ်လို့ တရားရုံးကအမိန့်ချရင် အောက်ရုံးအမှုကို ခေါ်စေဆိုပြီးတော့ အောက်ရုံးအမှုကို လှမ်းခေါ်မှာ လှမ်းခေါ်တော့ မြောက်ပိုင်းခရိုင် တရားရုံးအမှုတွဲကြီးက ရန်ကုန်တိုင်းတရား လွှတ်တော်ရောက်သွားရော” ဟု ပြောကြားသည်။

မည်သည့်နေရက်တွင် ပြင်ဆင်မှုတက်သွားမည်နှင့်ပတ်သက်၍  ကြည်လင်း၏ ရှေ့နေဖြစ်သူ ဦးကျော်ကျော်ထိုက် (တရားလွှတ်တော်ရှေ့နေ)က “ပြင်ဆင်မှုက ဘယ်နေ့တက်မယ်ဆိုတာတော့ မပြောတတ်သေးဘူး။ ကျွန်တော်တို့ကလည်း တစ်ချိန်မှ မအားသေးတဲ့အတွက် ဘယ်အချိန်မှာ ဘယ်လိုသွားတင်ရမယ်ဆိုတာ မသိသေးဘူးလေ” ဟု ပြောကြားသည်။

ထို့ပြင် ဦးကိုနီကို ကြည်လင်းက ကြိုတင်ကြံစည်ကာသတ်ခဲ့မှုတွင် ပူးပေါင်းပါဝင်မှုဖြင့် ၃၀၂ (၁) (ခ)/ ၃၄ နှင့် စွဲချက်တင်ခံထားရသူ အောင်ဝင်းဇော်က ‘မင်းတို့ ထမင်းဝအောင်စားထား’ ဆိုသည့်စကားကို ၎င်းတို့မပြောခဲ့ဘဲနှင့် ပြောကြားခဲ့သယောင် ဂျာနယ်တစ်ခု၏ အင်တာဗျူးတွင် တရားလိုဘက်မှရှေ့နေ တစ်ဦးဖြစ်သူ ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ) က ဖြေကြားခဲ့သည်ဟုဆိုကာ ဦးရောဘတ်စန်းအောင်ကို အမှုဖွင့်ထားကြောင်း ပြောကြားသည်။

ယင်းသို့ ၎င်းအပေါ် အမှုဖွင့်ထားကြောင်း အောင်ဝင်းဇော်က ပြောကြားခဲ့မှုနှင့် ပတ်သက်၍ ဦးရောဘတ်စန်းအောင်ကမူ ၎င်းတွင် သက်သေအထောက်အထား အစုံအလင်ရှိပြီးသားဖြစ်၍ လိုအပ်သည့်အချိန်တွင် တင်ပြသွားမည်ဖြစ်ကြောင်း ဆိုသည်။

ဦးကိုနီလုပ်ကြံခံရမှုမှာ တစ်နှစ်ကျော်လာပြီဖြစ်သည့်အတွက်  လာမည့်ရုံးချိန်းများတွင် တစ်ပတ်လျှင် နှစ်ရက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent