ကျန်းမာရေးဌာနများနှင့် အထူးကုဆေးရုံများတွင် Gene - Xpert စက်ဖြင့် တီဘီရောဂါ ရှိ မရှိ စစ်ဆေးနိုင်

ကျန်းမာရေးဌာနများနှင့် အထူးကုဆေးရုံများတွင် Gene - Xpert စက်ဖြင့် တီဘီရောဂါ ရှိ မရှိ စစ်ဆေးနိုင်
Published 18 February 2018

ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးဌာနနှင့် အထူးကုဆေးရုံများတွင် Gene - Xpert စက်ဖြင့်  တီဘီရောဂါ ရှိ မရှိ အခမဲ့သွားရောက် စစ်ဆေးနိုင်ကြောင်း အမျိုးသားတီဘီ ရောဂါတိုက်ဖျက်ရေးစီမံကိန်းမှ သိရသည်။

ယခင်က မြန်မာနိုင်ငံအတွက် သလိပ်ပိုးစစ်ဆေးခြင်းကို ဓာတ်ခွဲခန်းတွင် စစ်ခြင်း၊ ဓာတ်မှန်ဖြင့် စစ်ဆေးခြင်းတို့သာ ပြုလုပ်နိုင်ခဲ့ရာမှ ယခုအခါ အဆိုပါစက်များဖြင့် စစ်ဆေးလာနိုင်ကြောင်း သိရသည်။

တီဘီရောဂါသည်လူတစ်ဦးမှ တစ်ဦးသို့ လေမှတစ်ဆင့်ကူးစက်သော ရောဂါဖြစ်ပြီး ယင်းရောဂါဖြစ်ပွားပါက ဆေးကုသမှုကို စနစ်တကျမခံယူပါက အသက်ဆုံးရှုံးနိုင်ကြောင်း၊ ရောဂါ ရှိ မရှိကိုလည်း စောစီးစွာစစ်ဆေးခံယူသင့်ကြောင်းနှင့် ဆေးကုသမှုပြီးဆုံးအောင် ခံယူသင့်ကြောင်း၊ နှစ်ပတ် သို့မဟုတ် နှစ်ပတ်ထက်ပိုကာ ချောင်းဆိုးခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ တစ်ငွေ့ငွေ့ဖျားခြင်းစသည့် လက္ခဏာများဖြစ်ပွားပါက နီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ကုသမှုခံယူသင့်ကြောင်း အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေးစီမံကိန်းမန်နေဂျာ ဒေါက်တာစည်သူအောင်က ပြောကြားသည်။

လက်ရှိတစ်နိုင်ငံလုံးတွင် အဆိုပါစက် ၇၃ လုံးအထိ တိုးမြှင့်တပ်ဆင်ထားကြောင်း သိရသည်။

Gene - Xpert စက်ဖြင့် စစ်ဆေးနိုင်သော နေရာများမှာ အင်းစိန် (အောင်ဆန်း) ရှိ ရန်ကုန်တိုင်းဒေသကြီး တီဘီရောဂါတိုက်ဖျက်ရေးဌာန၊ မြောက်ဥက္ကလာ (ဥစ္စနာ) တီဘီရောဂါ တိုက်ဖျက်ရေးဌာန၊ ရန်ကုန်ဆေးရုံကြီး တိုးချဲ့ဝင်းအတွင်းရှိ တီဘီရောဂါရှာဖွေရေးဌာန၊ သင်္ဃန်းကျွန်းမြို့နယ် ကျန်းမာရေးဌာန၊ သာကေတမြို့နယ် ကျန်းမာရေးဌာန၊ မင်္ဂလာဒုံအထူးကုဆေးရုံကြီး၊ ဝေဘာဂီအထူးကုဆေးရုံ၊  ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ကျန်းမာရေးဌာန၊ အင်းစိန်အကျဉ်းထောင် ကျန်းမာရေးဌာနတို့တွင် အခမဲ့စစ်ဆေးနိုင်ကြောင်း သိရသည်။

Most Read

Most Recent