လက်ရှိအမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၂၀၀ ခန့်ရှိသည့်အနက် ရန်ကုန်တွင် မဂ္ဂါဝပ် ၁၃၅၀ ကျော်၊ မန္တလေးတွင် မဂ္ဂါဝပ် ၅၅၀ ကျော် သုံးစွဲလျက်ရှိပြီး စက်မှုလုပ်ငန်းများက ၃၅-၄၀ ရာခိုင်နှုန်းကို အသုံးပြုနေခြင်းဖြစ်

လက်ရှိအမြင့်ဆုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မဂ္ဂါဝပ် ၃၂၀၀ ခန့်ရှိသည့်အနက် ရန်ကုန်တွင် မဂ္ဂါဝပ် ၁၃၅၀ ကျော်၊ မန္တလေးတွင် မဂ္ဂါဝပ် ၅၅၀ ကျော် သုံးစွဲလျက်ရှိပြီး စက်မှုလုပ်ငန်းများက ၃၅-၄၀ ရာခိုင်နှုန်းကို အသုံးပြုနေခြင်းဖြစ်
Published 18 February 2018

မြင်းခြံမြို့နယ်ရှိ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို တွေ့ရစဉ် (ဓာတ်ပုံ-EPGE)

လက်ရှိ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု မဂ္ဂါဝပ် ၃၂၀၀ ဝန်းကျင်ရှိသည့် အနက် ရန်ကုန်တိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၁၃၅၀ ကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် မဂ္ဂါဝပ် ၅၅၀ ကျော်၊ အခြားဒေသများတွင် မဂ္ဂါဝပ် ၁၂၀၀ ကျော်သုံးစွဲလျက်ရှိပြီး ရန်ကုန်၊ မန္တလေးဒေသသုံးစွဲမှု၏ ၃၅-၄၀ ရာခိုင်နှုန်း၊  အခြားဒေသသုံးစွဲမှု၏ ၂၁ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးများဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လက်ရှိ အမြင့်ဆုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုမှာ ၃၁၈၉ မဂ္ဂါဝပ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် နိုဝင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သည့် ဒီဇင်ဘာမှ ဖေဖော်ဝါရီလဆန်းအထိ ရာသီဥတုအခြေအနေကြောင့် လျှပ်စစ်ဓာတ်အားသုံးစွဲမှု လျော့ကျခဲ့ပြီး ဖေဖော်ဝါရီလဆန်းအထိ ၂၇၀၀-၂၈၀၀ မဂ္ဂါဝပ် ဝန်းကျင်သာ ထုတ်လုပ်မှုရှိရာမှ လက်ရှိ ဒေသအချို့ ရာသီဥတု ပြန်လည်ပူပြင်းချိန်ဖြစ်သောကြောင့် ဖေဖော်ဝါရီ ၁၄ ရက်မှ စတင်ကာ အမြင့်ဆုံး ဓာတ်အားထုတ်လုပ်မှု ပမာဏ မဂ္ဂါဝပ် ၃၀၁၅ ဝန်းကျင် ဖြစ်လာသည်။

လက်ရှိတွင် အများပြည်သူနှင့် စက်မှုလုပ်ငန်းများ ဓာတ်အားသုံးစွဲမှုပမာဏ အမြင့်ဆုံးအခြေအနေမှာ ၃၁၈၉ မဂ္ဂါဝပ်ရှိရာ အဆိုပါလိုအပ်ချက်အတွက် ရေအားလျှပ်စစ် စက်ရုံ ၁၇ ရုံနှင့် အပူစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ ၁၅ ရုံတို့မှ ထုတ်လုပ်ပေးလျက်ရှိပြီး နှစ်စဉ်နှစ်တိုင်း ဓာတ်အားသုံးစွဲမှုတိုးတက် မှုနှုန်းမှာ ၁၅ ရာခိုင်နှုန်းခန့် ရှိနေသည်။

လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ်တွင် အမြင့်ဆုံးဓာတ်အားလိုအပ်မှုမှာ ၅၀၉၂ မဂ္ဂါဝပ် ရှိမည်ဟု ခန့်မှန်းထားခြင်းကြောင့် ၁၉၀၃ မဂ္ဂါဝပ် ထပ်မံထုတ်လုပ်နိုင်ရန် လိုအပ်နေခြင်း ဖြစ်သည်။ အဆိုပါ ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာထုတ်လုပ်နိုင်ရေးအတွက် ရေအားလျှပ်စစ်စီမံကိန်းများ၊ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံများနှင့် နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံများကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လိုအပ်သည့် လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းနိုင်ရန် ၂၀၁၈ ခုနှစ်တွင် စက်ရုံသုံးရုံမှ ၄၃၉ မဂ္ဂါဝပ်၊ ၂၀၁၉ ခုနှစ်တွင် စက်ရုံ လေးရုံမှ မဂ္ဂါဝပ် ၇၅၀၊ ၂၀၂၀ ပြည့်နှစ်တွင် စက်ရုံသုံးရုံမှ မဂ္ဂါဝပ် ၂၆၀၊ ၂၀၂၁ ခုနှစ်တွင် စက်ရုံငါးရုံမှ ၉၇၁ မဂ္ဂါဝပ်နှင့် ၂၀၂၂ ခုနှစ် တွင် စက်ရုံငါးရုံမှ ၈၉၁ မဂ္ဂါဝပ် ထုတ်လုပ်နိုင် ရန်စီစဉ်ထားကြောင်း သိရသည်။ အဆိုပါ စက်ရုံများ ဓာတ်အားထုတ်လုပ်မှုတွင် ရေအားစက်ရုံများမှ ၁၅ ရာခိုင်နှုန်း၊ HFO စက်ရုံများမှ ၁၈ ရာခိုင်နှုန်း၊ သဘာဝဓာတ်ငွေ့သုံး စက်ရုံများမှ ရာခိုင်နှုန်း ၃၀၊ LNG စက်ရုံ များမှ ၃၂ ရာခိုင်နှုန်း၊ Solar  စက်ရုံများမှ ငါးရာခိုင်နှုန်းပါဝင်မည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် မီးသုံးစွဲသူ ၁၀ ဒသမ ၈၇၇ သန်းအနက် ၄ ဒသမ ၂၈၉ သန်း (၃၉ ဒသမ ၄ ရာခိုင်နှုန်း) လျှပ်စစ်မီးရရှိပြီး ၆ ဒသမ ၅၈၈ သန်းမီးရရှိရန် ကျန်ရှိနေခြင်းဖြစ်သည်။ မြို့အနေဖြင့် ၄၈၂ မြို့အနက် ဓာတ် အားစနစ်မှ မြို့ ၃၅၀ မီးရရှိပြီး အခြားနည်းလမ်းဖြင့် ကျန် ၁၃၂ မြို့ မီးရရှိထားသည်။ ကျေးရွာများအနေဖြင့် ၆၃၇၃၇ ရွာရှိသည့် အနက် ၃၂၂၂၈ ရွာ မီးရရှိပြီး ၃၁၅၀၉ ရွာ ကျန်ရှိနေသေးကြောင်း သိရသည်။

မီးသုံးစွဲမှု အများဆုံးတိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်းဒေသကြီးတွင် မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၅၈ သန်း အနက် ၁ ဒသမ ၃ သန်း မီးရရှိပြီး ၀ ဒသမ ၂၈ သန်း မီးရရှိရန်ကျန်ရှိနေခြင်း ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီးတွင်လည်း မီးသုံးစွဲသူ အိမ်ထောင်စု ၁ ဒသမ ၃၂ သန်း အနက် ၀ ဒသမ ၇ သန်း မီးရရှိပြီး ၀ ဒသမ ၆၂ သန်း မီးရရှိရန် ကျန်ရှိနေသေးကြောင်း သိရသည်။

Most Read

Most Recent