ပုခန်းကိုကြီးကျော်နတ်ပွဲ ချိုးရေတော်သုံး အခမ်းအနား ကျင်းပ

ပုခန်းကိုကြီးကျော်နတ်ပွဲ ချိုးရေတော်သုံး အခမ်းအနား ကျင်းပ
Published 17 February 2018

မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေကူနီကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲဖြစ်သည့် နာမည်ကျော် ပုခန်းကိုကြီးကျော် နတ်ပွဲပထမနေ့ ချိုးရေသုံးပွဲတော်ကို ယနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) တွင် စတင်ကျင်းပလျက်ရှိကြောင်း သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက် (တပေါင်းလဆန်း ၃ ရက်) တွင် မဏိစည်သူမင်းနှင့် မိဖုရား၊ ဘပုခန်းမင်းကြီးနှင့် မိဖုရားရုပ်တုတို့အား ဇက်ရေယာဉ်တွင် ပြာသာဒ်ဆောင်ဖြင့် တင်ဆောင်ပြီး ချင်းတွင်းမြစ်အတွင်း အစုန်အဆန် ခုတ်မောင်းကာ ချိုးရေသုံးပွဲတော်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လာမည့် တပေါင်းလဆန်း ၅ ရက် (ဖေဖော်ဝါရီ ၁၉ ရက်) တွင် နတ်နန်းရှိ ဒိုးတိုင်တွင် ဒိုးဆွဲခြင်း၊ ၁၀ ရက်တွင် ဘပုခန်းမင်း ကြက်တိုက်နန်း၌ ကြက်တိုက်ပေးခြင်း၊ ၁၁ ရက်တွင် တောင်ပြုံးမင်းနှစ်ပါးအား ကြိုခြင်း၊ လဆန်း ၁၃ ရက်တွင် ဘပုခန်းမင်း၏ မယ်တော်ကြို ခြင်း၊ လဆန်း ၁၄ ရက်တွင် မယ်တော်မှ ပွဲတော်အတွင်း လှည့်လည်ခြင်းနှင့် ၁၅ ရက်တွင် ရွှေကူနီကျေးရွာရှိ ရွှေမုဋ္ဌောဘုရားဆွမ်းချပွဲမှ သံဃာအပါး ၁၆၀ ကျော်အား ဆွမ်းလောင်း လှူခြင်းတို့ကိုလည်း အစဉ်အလာအတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်အတွင်း ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လယ်ယာသုံးပစ္စည်းများ နှင့် အစားအသောက်များ လာရောက် ရောင်းချသည့် ဈေးဆိုင်ခန်း ၁၈၀၀ နီးပါးမှ ဈေးသည်များ လာရောက်ရောင်းချလျက်ရှိကြောင်း သိရသည်။

ယခင်က အဆိုပါပွဲတော်သို့ မြောင်ဒေသမှ ဒေသခံများ လှည်းယာဉ် ၃၀၀ နီးပါးဖြင့် လာရောက်သည့် တပေါင်းလဆန်း ၆ ရက်တွင် ခရီးသွားများ စိတ်ဝင်စားသည့် ဓလေ့တစ်ခု ဖြစ်သော်လည်း လှည်းယာဉ် အရေအတွက် တစ်နှစ်ထက်တစ်နှစ် နည်းလာပြီး ယခုအခါ အဆိုပါဓလေ့မှာ ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

Most Read

Most Recent