ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း တရားမဝင် ဓာတ်အားသုံးစွဲသူ ဦးရေ ၆၀ စစ်ဆေးတွေ့ရှိပြီး လျော်ကြေး ၄၈၅ သိန်းကျော်ရရှိ

ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း တရားမဝင် ဓာတ်အားသုံးစွဲသူ ဦးရေ ၆၀ စစ်ဆေးတွေ့ရှိပြီး လျော်ကြေး ၄၈၅ သိန်းကျော်ရရှိ
Published 17 February 2018

၂၀၁၇ ခုနှစ် ဒီဇင်ဘာနှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီလအတွင်း တရားမဝင် ဓာတ်အားသုံးစွဲသူ ၆၀ ကို စစ်ဆေးတွေ့ရှိပြီး လျော်ကြေး နစ်နာကြေး ၄၈၅ သိန်းကျော် ရရှိခဲ့ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် နှစ်လအတွင်း မီးသုံးစွဲသူ ၄၈၇၆၁ ဦးကို စစ်ဆေးသည့်အနက် တရားမဝင် မီးသုံးသူ ၆၀ အား စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်ပြီး စုစုပေါင်းဆုံးရှုံးယူနစ် ၃၅၁၀၀၀ အတွက် လျော်ကြေး နစ်နာကြေး ကျပ် ၄၈,၅၇၇,၁၅၀ ရရှိခဲ့ကြောင်း သိရသည်။

တရားမဝင် ဓာတ်အားသုံးစွဲမှုများကို ဖော်ထုတ်စစ်ဆေးရာတွင် မီးသုံးသူများမှ တိုက်ရိုက်သုံးစွဲခြင်း ၃၇ မှုအတွက် လျော်ကြေး ရငွေ ကျပ် ၄၄,၁၀၈,၀၀၀၊ ဆင့်ပွားဓာတ်အား သုံးစွဲခြင်း ၂၀ အတွက် လျော်ကြေးရငွေ ကျပ် ၁,၇၁၁,၃၅၀၊ မီတာကို ပြုပြင်သုံးစွဲခြင်း တစ်မှုအတွက် လျော်ကြေးရငွေ ကျပ် ၂,၀၃၅,၄၀၀ နှင့် ဝန်ပိုသုံးစွဲခြင်း နှစ်မှုအတွက် ကျပ် ၇၂၂၄၀၀ (စုစုပေါင်း) လျော်ကြေးငွေ ကျပ် ၄၈,၅၇၇,၁၅၀ ရရှိခဲ့ကြောင်း သိရသည်။

ဖော်ထုတ်ရရှိသည့် တရားမဝင် ဓာတ်အားသုံးစွဲမှု ၆၀ မှုမှာ စစ်ကိုင်းတိုင်း ဒေသကြီးတွင် ၂၃ မှု၊ မွန်ပြည်နယ်တွင် ၁၃ မှု၊ နေပြည်တော်နယ်မြေနှင့် မကွေးတိုင်းတွင် ခုနစ်မှုစီ၊ ဧရာဝတီတိုင်း ဒေသကြီးတွင် ငါးမှု၊ ချင်းပြည်နယ်နှင့် ပဲခူးတိုင်းတွင် နှစ်မှုစီ၊ ရခိုင်ပြည်နယ်တွင် တစ်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ အမှုများအနက် ဧရာဝတီတိုင်း ဒေသကြီးတွင် မတရားမဝင် မီးသုံးစွဲမှု အများဆုံး ဖြစ်ပွားခဲ့ပြီး အမှုအရေအတွက် ငါးမှုမှ တရားမဝင် ဓာတ်အားသုံးစွဲမှု ၂၆၇၃၉၈ ယူ နစ်၊ လျော်ကြေးငွေ ကျပ် ၄၈၅၇၇၁၅၀ ရရှိခဲ့ကြောင်း သိရသည်။

လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း အနေဖြင့် တိုင်းဒေသကြီး ပြည်နယ်တို့တွင်  ဓာတ်အားပျောက်ဆုံးမှု လျော့နည်းရေးနှင့် တရားမဝင်မီတာ ကွင်းဆင်းစစ်ဆေးမှု အခြေအနေများကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း၊ ဓာတ်အားသုံးစွဲသူ ပြည်သူများ အနေဖြင့်လည်း နိုင်ငံတော်ဘဏ္ဍာငွေ ဆုံးရှုံးမှုမဖြစ်ပေါ်စေရေး အတွက် လျှပ်စစ်ဓာတ်အားကို တရားမဝင် နည်းလမ်းဖြင့် သုံးစွဲခြင်း မပြုသင့်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent