<

မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတို့၏ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ရန်ကုန်မြို့တွင် ကျင်းပ


မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတို့၏ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်က ပြုလုပ်စဉ် (ဓာတ်ပုံ-ကြည်နိုင်)

မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွားတို့၏ တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် နံနက်ပိုင်းက ရန်ကုန်မြို့ လသာမြို့နယ် မဟာဗန္ဓုလလမ်းနှင့် လမ်းမတော် လမ်းထောင့်တွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr.Hong Liang တို့က တက်ရောက် ဖွင့်လှစ်ပေးခဲ့ပြီး တရုတ်ရိုးရာ နတ်မင်းကြီးများ၊ တရုတ်နဂါးအက၊ ခြင်္သေ့အကတို့ဖြင့် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက “ကျွန်တော်တို့ ရန်ကုန်မြို့ဟာ ရှေးဟောင်း အမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ် စီးပွားရေး မြို့တော်ကြီး ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ လုပ်ငန်းပေါင်းစုံ ဖွံ့ဖြိုးတိုးတက်နေတဲ့ မြန်မာနိုင်ငံရဲ့ အကြီးဆုံးမြို့တော် ဖြစ်ပါတယ်။ ကျွန်တော်တို့ မြို့တော်ကြီးမှာ နေထိုင်နေကြတဲ့ ပြည်သူလူထု အားလုံးအတွက် တန်းတူညီမျှတဲ့ အခွင့်အရေးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်တို့ ယနေ့ကျင်းပပြုလုပ်တဲ့ နှစ်သစ်ကူးပွဲတော်ကြီးက သက်သေခံနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသား လူမျိုးပေါင်းစုံ စုစည်းနေထိုင် ကြပါတယ်။ မတူကွဲပြားတဲ့ လူမျိုးတွေလည်း အတူယှဉ်တွဲ ရပ်တည်နေထိုင်နေကြတာ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း ရန်ကုန်မြို့တော်ကြီးဟာ တကယ်ဖွံ့ဖြိုး တိုးတက်ပြီး နေချင့်စဖွယ်မြို့ အဖြစ်နဲ့ ရှင်သန်နိုင်ဖို့ ကျွန်တော်တို့ ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ အခုကျင်းပတဲ့ နှစ်သစ်ကူးပွဲတော်က မြန်မာနိုင်ငံမှာရှိတဲ့ တရုတ်ရိုးရာ တရုတ်လူမျိုးတွေ အားလုံးရဲ့ နှစ်သစ်အခါသမယ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

ဖေဖော်ဝါရီ ၁၆ ရက်က ဖွင့်လှစ်ခဲ့သည့် တရုတ်နှစ်သစ်ကူးပွဲတော် ဖွင့်ပွဲအခမ်းအနားကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

တရုတ်သံအမတ်ကြီး Mr.Hong Liang က “တရုတ်ပြက္ခဒိန်အရ နှစ်ဆန်းတစ်ရက်နေ့မှာ တရုတ်တန်းကို လာရောက်ပြီး အားလုံးနဲ့အတူ နှစ်သစ်ကူး နွေဦးပွဲတော် ဆင်နွှဲရတဲ့အတွက် လွန်စွာ ၀မ်းမြောက်မိပါတယ်။ ပထမဦးစွာအနေနဲ့ ကျွန်တော်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကို ကိုယ်စားပြုပြီး မြန်မာနိုင်ငံရှိ တရုတ်နွယ်ဖွား၊ ညီအစ်ကိုအားလုံး မြန်မာနိုင်ငံ တိုင်းရင်းသား ဆွေမျိုးပေါက်ဖော်တို့ကို နှစ်သစ်ကူးဆုတောင်း ပို့သအပ်လိုက်တယ်။ တရုတ်ပြက္ခဒိန် ခွေးနှစ်မှာ အားလုံးကျန်းမာ၊ စိတ်ချမ်းသာစေပါစေ” ဟု ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားပြီးတွင် ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ တရုတ်သံအမတ်ကြီးတို့နှင့် အခမ်းအနား တာဝန်ရှိသူများသည် လမ်းတစ်လျှောက် စတုဒိသာ ကျွေးမွေးမှုများ၊ ဖျော်ဖြေမှု အစီအစဉ်များအား လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။

တရုတ်ရိုးရာ နှစ်သစ်ကူးပွဲတော်တွင် သံဃာတော်များနှင့် သီလရှင်များအား အရုဏ်ဆွမ်းလောင်းလှူခြင်း၊ စတုဒိသာ ကျွေးမွေးလှူဒါန်းခြင်း၊ အလှအက ဖျော်ဖြေခြင်း အစီအစဉ်များဖြင့် လသာမြို့နယ် တရုတ်တန်း၊ မဟာဗန္ဓုလ လမ်းမကြီးအတိုင်း လမ်းမတော်လမ်းမှ ရွှေတိဂုံဘုရားလမ်းအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ပိတ်ပွဲအခမ်းအနားကို လသာမြို့နယ် တရုတ်တန်း၊ လသာလမ်း အောက်လမ်းတွင် ည ၇ နာရီ မိနစ် ၃၀ တွင် ပြုလုပ်ခဲ့ပြီး ဖျော်ဖြေရေး အစီအစဉ်များကို ည ၁၂ နာရီထိ ပြုလုပ်ခဲ့သည်။

 

February 16, 2018














Copy Protected by Chetan's WP-Copyprotect.