မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေကူနီကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲ နာမည်ကျော် ပုခန်းကိုကြီးကျော်နတ်ပွဲ ပထမနေ့ ချိုးရေသုံးပွဲတော် ယနေ့ စတင်ကျင်းပမည်

မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေကူနီကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲ နာမည်ကျော် ပုခန်းကိုကြီးကျော်နတ်ပွဲ ပထမနေ့ ချိုးရေသုံးပွဲတော် ယနေ့ စတင်ကျင်းပမည်
Published 17 February 2018

မကွေးတိုင်း ရေစကြိုမြို့နယ် ရွှေကူနီကျေးရွာတွင် နှစ်စဉ်ကျင်းပမြဲ နာမည်ကျော် ပုခန်းကိုကြီးကျော် နတ်ပွဲပထမနေ့ ချိုးရေသုံးပွဲတော်ကို ဖေဖော်ဝါရီ ၁၇ ရက်တွင် စတင် ကျင်းပမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီမှ သိရသည်။

ဖေဖော်ဝါရီ ၁၇ ရက်  (တပေါင်းလဆန်း ၃ ရက်) တွင် မဏိစည်သူမင်းနှင့် မိဖုရား၊ ဘပုခန်းမင်းကြီးနှင့် မိဖုရားရုပ်တုတို့အား ဇက်ရေယာဉ်တွင် ပြာသာဒ်ဆောင်ဖြင့် တင်ဆောင်ပြီး ချင်းတွင်းမြစ်အတွင်း အစုန်အဆန် ခုတ်မောင်းကာ ချိုးရေသုံးပွဲတော်ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

လာမည့် တပေါင်းလဆန်း ၅ ရက်(ဖေဖော်ဝါရီ ၁၉ ရက်) တွင် နတ်နန်းရှိ ဒိုးတိုင်တွင် ဒိုးဆွဲခြင်း၊ ၁၀ ရက်တွင် ဘပုခန်းမင်း ကြက်တိုက်နန်း၌ ကြက်တိုက်ပေးခြင်း၊ ၁၁ ရက်တွင် တောင်ပြုံးမင်းနှစ်ပါးအား ကြိုခြင်း၊ လဆန်း ၁၃ ရက်တွင် ဘပုခန်းမင်း၏ မယ်တော်ကြို ခြင်း၊ လဆန်း ၁၄ ရက်တွင် မယ်တော်မှ ပွဲတော်အတွင်း လှည့်လည်ခြင်းနှင့် ၁၅ ရက်တွင် ရွှေကူနီကျေးရွာရှိ ရွှေမုဋ္ဌောဘုရားဆွမ်းချပွဲမှ သံဃာအပါး ၁၆၀ ကျော်အား ဆွမ်းလောင်း လှူခြင်းတို့ကိုလည်း အစဉ်အလာအတိုင်း ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

“ပွဲတော်ကျင်းပတဲ့ ရက်တွေကတော့ အစဉ်အလာတိုင်းပါပဲ။ ဘာမှ အပြောင်းအလဲ မရှိပါဘူး။ ချိုးရေသုံးပွဲလာ သူတွေလည်း ရောက်နေကြပါပြီ။ ဈေးသည်တွေလည်း ရောက်နေကြပါပြီ။ မနက်ဖြန် (ဖေဖော်ဝါရီ ၁၇) မနက် ၈ နာရီလောက်မှာ ကိုယ်တော်တွေ ပင့်ပြီး ချိုးရေသုံးပွဲ စပါမယ်” ဟု ရွှေကူနီကျေးရွာမှ နန်းထိန်းမိသားစုဝင်တစ်ဦးက ပြောကြားသည်။

ပွဲတော်အတွင်း ဒေသထွက်ကုန်များ၊ အဝတ်အထည်များ၊ လယ်ယာသုံးပစ္စည်းများ နှင့် အစားအသောက်များ လာရောက်ရောင်းချသည့် ဈေးဆိုင်ခန်း ၁၈၀၀ နီးပါးမှ ဈေးသည်များ လာရောက်ရောင်းချနေပြီဖြစ်ပြီး လာမည့်ရက်များတွင် ပွဲလာသူ ပို၍ များလာရန် မျှော် လင့်နေကြောင်း သိရသည်။

“ပုခန်းပွဲဆိုတာ ကျွန်တော်တို့ ရေစကြိုတစ်နယ်လုံးနဲ့ ဆိုင်တဲ့ပွဲပါ။ နှစ်တိုင်းရောက်ဖြစ်အောင် သွားတဲ့ပွဲပါ။ ဘပုခန်းမင်းကြီးကို ယုံယုံကြည်ကြည်နဲ့ ပူဇော်ပသရင် ပြန်စောင့်ရှောက်တယ်လို့ ယုံကြည်ကြတယ်။ ရေတစ်တန် ကုန်းတစ်တန် သွားရတယ်ဆိုပေမယ့် အတော်စည်တဲ့ ပွဲပါ။ ဒိုးဆွဲတဲ့နေ့ကတော့ အစည်ဆုံးပဲ” ဟု ရေစကြိုမြို့ခံ ကိုဇော်မင်းက ပြောကြားသည်။

နာမည်ကျော် ပုခန်းကိုကြီးကျော် နတ်ပွဲတွင် ဇာတ်သဘင်နှင့် အခြားပျော်ပွဲရွှင်ပွဲများ ထည့်သွင်းကျင်းပခြင်း မပြုသည့်ပွဲဖြစ်ပြီး ရုံး ပိတ်ရက်၊ ဥပုသ်ရက်များတွင် နတ်ယုံကြည်ကိုးကွယ်သူ အများအပြား လာရောက်ခြင်းကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

ယခင်က အဆိုပါပွဲတော်သို့ မြောင်ဒေသမှ ဒေသခံများ လှည်းယာဉ် ၃၀၀ နီးပါးဖြင့် လာရောက်သည့် တပေါင်းလဆန်း ၆ ရက်တွင် ခရီးသွားများ စိတ်ဝင်စားသည့် ဓလေ့တစ်ခု ဖြစ်သော်လည်း လှည်းယာဉ်အရေအတွက် တစ်နှစ်ထက်တစ်နှစ် နည်းလာပြီး ယခုအခါ အဆိုပါဓလေ့မှာ ပျောက်ကွယ်လုနီးပါးဖြစ်နေပြီဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent