ကုလားတန် မြစ်ကြောင်းနံဘေး မြေယာဖော်ထုတ်ရေး စီမံကိန်းမှ မြေကွက်များအား ကိုရီးယားကုမ္ပဏီက ရောင်းချနေခြင်းကို ရပ်ဆိုင်းရန် ပြည်နယ်အစိုးရ တားမြစ်

ကုလားတန် မြစ်ကြောင်းနံဘေး မြေယာဖော်ထုတ်ရေး စီမံကိန်းမှ မြေကွက်များအား ကိုရီးယားကုမ္ပဏီက ရောင်းချနေခြင်းကို ရပ်ဆိုင်းရန် ပြည်နယ်အစိုးရ တားမြစ်
Published 17 February 2018

ကုလားတန် မြစ်ကမ်းနံဘေးတွင် မြေယာဖော်ထုတ်ရေးလုပ်ငန်း လုပ်ဆောင်နေစဉ်

ရခိုင်ပြည်နယ် စစ်တွေမြို့၏ အရှေ့ဘက် ကုလားတန်မြစ်ကမ်းနံဘေး နေရာများတွင် ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယား BXT International ကုမ္ပဏီတို့ အကျိုးတူ ပူးပေါင်းပြီး မြေယာဖော်ဆောင်ရေးများ လုပ်ဆောင်ခဲ့ပြီးနောက် မြေကွက်များ ရောင်းချခြင်းများ ပြုလုပ်ခဲ့သော်လည်း ယင်းသို့ရောင်းချခြင်းမှာ MoU ရေးထိုးထားသော အချက်များနှင့် ကိုက်ညီခြင်း မရှိဟုဆိုတာ ရပ်ဆိုင်းရန် တားမြစ်ခဲ့ကြောင်း သိရသည်။

ယင်းနှင့်ပတ်သက်၍ “အခု ရောင်းထားတာနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ ဘာမှ လုပ်မှာ မဟုတ်ပါဘူး။ ဝယ်ထားတာကတော့ ဒီအတိုင်းရှိမှာပါ။ ကျွန်တော်တို့ကတော့ ငွေတွေပြန်အမ်းတာတို့ ဘာမှလုပ်မှာ မဟုတ်ပါဘူး။ မြေယာဖော်ထုတ်လို့ ပြီးတဲ့အခါ သဘောတူညီ ထားတဲ့အတိုင်း BXT ကုမ္ပဏီအနေနဲ့ သူ့ပေါ်လစီနဲ့သူ ရောင်းနိုင်ပါတယ်။ ကျွန်တော်တို့နဲ့ BXT နဲ့ လုပ်ငန်းစဖို့အတွက် အရင်အစိုးရလက်ထက် လက်မှတ်ထိုးတာ ရှိပါတယ်။ MoU,MoA ထိုးခဲ့တာရှိတယ်။ ကိုရီးယားကုမ္ပဏီကို MoU ထိုးထားတဲ့အထဲမှာ မြေဖို့တာကို အကုန်လုံးပြီးအောင် ဖော်ရမယ်။ ၁၀၀ ရာခိုင်နှုန်းပြီးအောင် လုပ်ပြီးရင် ပြည်နယ်အစိုးရက ဖွဲ့စည်းပေးထားတဲ့ မြေယာကော်မတီကို လွှဲရမယ်။ ပြီးမှရောင်းချတဲ့ ကိစ္စတွေကို ဆောင်ရွက်မယ်ဆိုတဲ့ အဲဒီလိုမျိုး သဘောတူညီမှုတွေ ရှိပါတယ်။ ဒါကို မြေဖို့တာ မပြီးဘဲနဲ့ ရောင်းချနေတဲ့အတွက် ခုလိုတားမြစ်ရတာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ စီးပွားရေး၊ အခွန်နှင့် စီမံကိန်းဝန်ကြီး ဦးကျော်အေးသိန်းက ပြောကြားသည်။

ရခိုင်ပြည်နယ်အစိုးရနှင့် ကိုရီးယား BXT International Co.,Ltd ကုမ္ပဏီတို့ သည် စစ်တွေမြို့ ဈေးကြီးအနီးရှိ  ကုလားတန် မြစ်ကမ်းနံဘေးတွင် မြေဧက ၉၀ ဖော်ထုတ်ရေးကို အကျိုးတူပူးပေါင်း ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် မြေဖို့သော အဆင့်၌သာ ရှိသေးသော်လည်း ထိုမြေများကို ကိုရီးယား BXT International Co.,Ltd က ရောင်းချနေသဖြင့် ရခိုင်ပြည်နယ် အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်က ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ကိုယ်စား ရောင်းချခြင်းကို တားမြစ်သည့်စာအား ဖေဖော်ဝါရီ ၁၄ ရက်က ထုတ်ပြန် တားမြစ်ခဲ့သည်။ ယင်းသို့ရောင်းချရန်အတွက် ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်မြို့ Central ဟိုတယ်တွင် စီမံကိန်း မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ပြီး စီမံကိန်းတွင် စုပေါင်းအိမ်ရာ၊ လက်လီလက်ကားဈေးကွက်၊ အလယ်အလတ် အမြင့်ရှိသော ကွန်ဒိုများ၊ ဂိုဒေါင်များနှင့် ပို့ဆောင်ရေးဆိုင်ရာ ဝန်ဆောင်မှုများ၊ ကုန်သွယ်မှု စီးပွားရေးဇုန်၊ ငါးစက်ရုံများ၊ အပန်းဖြေနေရာများ ပါဝင်မည် ဖြစ်ကြောင်း အခမ်းအနားတွင် iMyanmar House.com မှ မန်နေးဂျင်း ဒါရိုက်တာ ဦးနေမင်းသူက ပြောကြားသည်။

ယင်းနောက် ဇန်နဝါရီ ၆ ရက်တွင် ရန်ကုန်မြို့ရှိ Novotel ဟိုတယ်တွင် မြေကွက်များ လေလံတင် ရောင်းချပွဲ အခမ်းအနား ပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် ဝန်ကြီးဦးကျော်လွင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ်အစိုးရမှ ရာခိုင်နှုန်း ၃၀ နှင့် ကျန်ရာခိုင်နှုန်း ၇၀ ကို တောင်ကိုရီးယားနိုင်ငံ အခြေစိုက် BXT International က ပိုင်ဆိုင်မည်ဖြစ်ပြီး ရခိုင်ပြည်နယ်အစိုးရ အနေဖြင့် နည်းဥပဒေဆိုင်ရာနှင့် မြေယာကိစ္စများအတွက် လုပ်ဆောင်ပြီး BXT မှ ရင်းနှီးမြှုပ်နှံသည့် ငွေကြေးများ၊ မြေဖို့သည့် နည်းပညာတို့ဖြင့် တာဝန်ယူကြောင်း၊ မြေကွက်အတွက် ရခိုင်ပြည်နယ်အစိုးရက ဂရန်ထုတ်ပေးမည် ဖြစ်ကြောင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးအောင်ကျော်ဇံက ပြောကြားသည်။

Most Read

Most Recent