သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နတ်မတောင်ပေါ်တွင် ညအိပ်ခွင့် ပြုတော့မည်မဟုတ်

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နတ်မတောင်ပေါ်တွင် ညအိပ်ခွင့် ပြုတော့မည်မဟုတ်
Published 17 February 2018

နတ်မတောင်ပေါ်သို့ တက်ရောက်သူများ စခန်းချ နားနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ထွန်းနေလှိုင်)

သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် နတ်မတောင်ပေါ်တွင် ညအိပ်ခွင့်ပြုတော့မည် မဟုတ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန လက်ထောက်ညွှန်မှူး ဦးဟုန်းလိန်းက ပြောကြားသည်။

“လောလောဆယ်တော့ ညအိပ်ခွင့်တော့ မပြုဘူး။ အကောင်အထည်ဖော်ဖို့ အခုစလုပ်တုန်းပါ။ ကြီးကြပ်ရေး အဖွဲ့တွေနဲ့ ညှိနှိုင်းနေတုန်းပဲ ရှိသေးပါတယ်။ ဆက်လုပ်ဖို့ အကောင်အထည်ဖော် ဆောင်ရွက်နေဆဲပါ။ အပေါ်မှာ အိပ်တဲ့အခါကျတော့ မီးတွေ ဘာတွေနဲ့ မီးဖိုပြီး မီးလှုံကြတော့ ပြာတွေနဲ့ ထင်းတွေနဲ့ဆိုတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးသွားမှာ စိုးလို့ပါ” ဟု ဦးဟုန်းလိန်းက ပြောကြားသည်။

နတ်မတောင်သို့ လာရောက်သည့် ဧည့်သည်များ အနေဖြင့် နတ်မတောင်ပေါ်တွင် ညအိပ်ခွင့်မပြုရန် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက မှာကြားခဲ့ခြင်းဖြစ်ပြီး တောင်ထိပ်ပေါ်တွင် ညအိပ်ပါက အအေးဒဏ်ကြောင့် မီးဖို၍ မီးလှုံသဖြင့် မီးဖိုထားသည့်နေရာများ နေရာအနှံ့ တွေ့မြင်ခဲ့ရပြီး၊ ညအိပ်သူများ စွန့်ပစ်ခဲ့ကြသည့် အမှိုက်များ ပေါလာခြင်းတို့ကြောင့် တားမြစ်ရခြင်းဖြစ်သည်။

“တောင်ပေါ်မှာက အအေးဓာတ်များတော့ မီးမွှေးပြီး မီးလှုံကြတယ်။ နောက်ပိုင်း အိပ်တဲ့သူများလာရင် မီးလှုံဖို့အတွက် ထင်းတွေလိုလာမယ်။ အရင်ကတော့ သစ်ကိုင်းခြောက်တွေ မီးဖိုတယ် ဆိုပေမယ့် နောက်ဆို ထင်းအတွက် အပင်တွေချိုးကြမှာ။ အဲဒီမီးတွေကတစ်ဆင့် ကူးစက်ပြီး တောမီးတွေ လောင်မယ်ဆိုရင် မလွယ်ဘူး။ သဘာဝပတ်ဝန်းကျင် ပျက်စီးမှာ စိုးရပြီလေ။ တောင်ပေါ်မှာ ညအိပ်ခွင့် ပိတ်တာကို သဘောတူပါတယ်” ဟု မင်းတပ်မြို့ခံ တစ်ဦးက ပြောကြားသည်။

နတ်မတောင်မှာ ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက် လည်ပတ်လျက်ရှိသည့် တောင်တစ်တောင်ဖြစ်ပြီး ယခုနှစ်တွင် ဧည့်သည်လာရောက် လည်ပတ်မှု ပိုမိုများပြားကြောင်း ဦးဟုန်းလိန်းက ပြောကြားသည်။

“ခရီးသွားတွေကတော့ အရင်နှစ်တွေကထက် ပိုများတယ်။ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ ဧည့်သည် ၂၄၅၃ ယောက်လာခဲ့ပြီး ဒီနှစ်မှာတော့ ၂၀၁၈ ဇန်နဝါရီလ တစ်လတည်းကို ဧည့်သည် ၃၀၀ ကျော်လောက် ဝင်သွားတယ် ဆိုတော့ ဒီနှစ်မှာ ပြည်တွင်း ပြည်ပ ဧည့်သည် ၃၀၀၀ ကျော်လာမယ်လို့ မှန်းထားပါတယ်” ဟု ဦးဟုန်းလိန်းက ပြောကြားသည်။

ချင်းပြည်နယ်ရှိ ခေါ်နူးစုမ် (ခ) ဝိတိုရိယ (ခ) နတ်မတောင်သည် ပင်လယ်ရေမျက်နှာပြင် အထက် ပေပေါင်း တစ်သောင်းကျော်တွင် တည်ရှိပြီး သစ်ခွပင်များ၊ တောင်ဇလပ်ပန်းများ၊ ချယ်ရီပွင့်များနှင့် တောတောင်သဘာ၀ အလှများ များစွာ ကျန်ရှိနေသောတောင် ဖြစ်ကြောင်း သိရသည်။

 

Most Read

Most Recent