လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသည့် ဂေါ်ရန်ဂျီကျွန်းဒေသရှိ ကျေးရွာများအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းနိုင်ရန် တိုင်းအစိုးရ လုပ်ဆောင်မည်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသည့် ဂေါ်ရန်ဂျီကျွန်းဒေသရှိ ကျေးရွာများအား စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းနိုင်ရန် တိုင်းအစိုးရ လုပ်ဆောင်မည်
Published 17 February 2018

ဂေါ်ရန်ဂျီကျွန်း တစ်နေရာကို တွေ့ရစဉ်

လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသည့် ဂေါ်ရန်ဂျီကျွန်းဒေသရှိ နံ့သာပုကျေးရွာအုပ်စု၊ ကြွေချိုင်ကျေးရွာအုပ်စု၊ နတ်မော်ကျေးရွာအုပ်စု၊ ပန်းမော်ကျေးရွာအုပ်စုများမှ ကျေးရွာများကို ငရုတ်ကောင်းမြို့ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းသို့ ထည့်သွင်းနိုင်ရန် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့မှ ဒေသခံများနှင့် ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဂေါ်ရန်ဂျီကျွန်းဒေသ အနီးရှိ ကျေးရွာများတွင် လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖော်ဆောင်ရန် ပြင်ဆင်နေသော်လည်း စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ပါဝင်ခြင်း မရှိသောကြောင့် နိုင်ငံခြားသားများ လည်ပတ် တည်းခိုနိုင်ရန်အတွက် ဥပဒေအရ အခက်အခဲများ ရှိနေကြောင်း၊ ထို့ပြင် ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် လိုအပ်နေသည့် လမ်း၊ တံတားနှင့် လျှပ်စစ်မီးရရှိရေးတို့ကို လုပ်ဆောင်ပေးရန်မှာ စည်ပင်သာယာရေး နယ်နိမိတ်ဝင် ရပ်ကွက်များ ဖြစ်ပေါ်လာမှသာ ဥပဒေအရ လုပ်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် ကြွေချိုင်ကျေးရွာ နံ့ပုသာကျေးရွာနှင့် အချို့သော ကျေးရွာများမှ ဒေသခံ ပြည်သူများမှာ မိမိတို့ကျေးရွာများကို စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ထည့်သွင်းရေး လုပ်ဆောင်နေမှုအပေါ် ကန့်ကွက်မှုများ ရှိနေသော်လည်း အစိုးရအဖွဲ့အနေဖြင့် ညှိနှိုင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အစည်းအဝေး ဆုံးဖြတ်ချက်အရ သိရသည်။

“ဂေါ်ရန်ဂျီဒေသဟာ အခုနောက်ပိုင်းမှာ ခရီးသွားဝင်ရောက်မှု များလာတယ်။ လူတွေက အရမ်းစိတ်ဝင်စားကြတယ်။ အဲဒီဒေသကလည်း တကယ်ကို လှပတဲ့နေရာတစ်ခု ဖြစ်နေတယ်။ ဒေသခံတွေက လမ်းတို့ လျှပ်စစ်တို့ သူတို့တောင်းဆို ထားကြတာတွေရှိတယ်။ ဒါကို ကျွန်တော်တို့ကလည်း လိုက်လုပ် ပေးချင်တယ်။ နောက်တစ်ခုက နိုင်ငံခြား ဧည့်သည်တွေကလည်း အရမ်းစိတ်ဝင်စားတဲ့ နေရာဆိုတော့ သူတို့လာရောက် လည်ပတ်တာမှာ တည်းခိုဖို့အတွက်က ကျေးရွာတွေမှာဆို တည်းခိုခွင့်က ဥပဒေအရ လုပ်ပေးလို့ မရဘူး။ ဒါကြောင့် ကျွန်တော်တို့က ငပုတောမြို့နယ် စည်ပင်ရော ငရုတ်ကောင်းမြို့ စည်ပင်ရောနဲ့ ညှိနှိုင်းပြီးတော့ အဲဒီကျေးရွာတွေကို စည်ပင်သာယာရေး နယ်နိမိတ်ထဲ ထည့်သွင်းဖို့ လုပ်ဆောင်ပေးနေတာ၊ ဒေသခံတချို့ကလည်း စည်ပင်သာယာ နယ်နိမိတ်ထဲ မထည့်ဖို့ကို ကန့်ကွက်ထားတဲ့စာတွေ ကျွန်တော်တို့ကို ပို့ထားတာရှိတယ်။ အခုလမ်းပန်းဆက်သွယ်ရေး အတွက်ကိုလည်း ပြည်ထောင်စုကနေ ဖော်ဆောင်ပေးဖို့ ကျွန်တော်တို့ တင်ပြထားတာကို လက်ခံပြီးတော့ လမ်းဖောက်လုပ် ပြင်ဆင်ဖို့ကို ဆောင်ရွက်နေပြီ။ ကျွန်တော်တို့ကတော့ စည်ပင်သာယာရေး နယ်နိမိတ်ထဲ ထည့်ဖို့ကို ကြိုးစားပြီးတော့ ဒေသခံတွေ နားလည်းအောင် ညှိနှိုင်းပြီးတော့ လုပ်ဆောင်သွားမယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။

ဂေါ်ရန်ဂျီကျွန်း ဒေသသည် ၂၀၁၅ ခုနှစ်မှ စတင်ကာ ပြည်တွင်းပြည်ပ ခရီးသွားများအကြားတွင် လည်ပတ် အပန်းဖြေရာ နေရာတစ်ခုအဖြစ် ထင်ရှားလာခဲ့ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း သဘာဝအတိုင်း တည်ရှိနေသေးသည့် ကျွန်းငယ်များ သဘာ၀ အလှအပများကြောင့် ၂၀၁၆ ခုနှစ် ဒီဇင်ဘာမှ ၂၀၁၇ ခုနှစ် မတ်လကုန်အထိ ပြည်တွင်းပြည်ပ ခရီးသွားဦးရေ နှစ်သောင်းကျော်အထိ ဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent